Myanmar Digital News

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

 

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ (ယာပုံ)

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၅ ဦး တက်ရောက်သဖြင့် ၉၇ ဒသမ ၃၂ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက Jeng Phang နော်တောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်/ဖြည့်စွက် သင့်သည့်အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း (၁) (၂)(၃)ပါအချက်များနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစု ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက် တင်သွင်းခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူ စာချုပ်(Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ အချက်များနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရေး အဆိုကို ယင်းနေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း။

 

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇ (ခ)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါ အချက်များနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခြင်း၊ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့မှာ သတ်မှတ်ပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရန်အတွက် ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း။

 

ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး စုစုပေါင်း ၉၀ ဦးဖြင့် ပါဝင်ဖွဲ့စည်းမည် ဖြစ်ပြီး ပူးပေါင်းကော်မတီ၏ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၁၀) ဦးလှသိန်း ကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ် အမှတ် (၂) ဒေါ်နွယ်နွယ်ဦးကိုလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီးကိုယ်စားလှယ် အမှတ်(၇) ဦးဇင်မင်းထက်ကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးကိုလည်းကောင်း တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင် ၈၆ ဦး၏ အမည်စာရင်းကို လွှတ်တော်ကိုယ်စားလှယ်များအားလုံးထံ ဖြန့်ဝေထားသည့် ဖွဲ့စည်းမိန့်မူကြမ်းတွင် ဖော်ပြထားပြီးဖြစ်ကြောင်း။

 

ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းခြင်း၊ ဦးတည်ချက်၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ရပိုင်ခွင့်များနှင့် သက်တမ်းတို့ကိုလည်း အပိုဒ် ၈ ပိုဒ်ဖြင့် ထည့်သွင်းဖော်ပြ ထားပါကြောင်း တင်ပြပြီး ဖွဲ့စည်းသွားမည့် ပူးပေါင်းကော်မတီ၏ ဦးတည်ချက် ၃ ရပ်ဖြစ်သည့် (က)ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရေး၊ (ခ)တိုင်းရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ (ဂ)နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း။

 

ဆက်လက်ပြီး တာဝန် ၁၁ ရပ်ဖြစ်သည့် (က) ပူးပေါင်းကော်မတီသည် နိုင်ငံတော်၏သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ၊ ပြည်သူတို့၏ နိုင်ငံရေးအသိရင့်ကျက်မှုအခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအခြေအနေတို့ပေါ် မူတည်၍ လေ့လာသုံးသပ်သွားရမည်၊ (ခ) အကျိုးမဖြစ် ထွန်းနိုင်သည့် အငြင်းပွားဖွယ်ရာဖြစ်နိုင်မည့် ပြဋ္ဌာန်းချက်များထက် နိုင်ငံတော်အတွက် အကျိုးရှိပြီး ပြည်သူအများလိုလားသည့် အပြုသဘောဆောင်သည့် ပြဋ္ဌာန်းချက်များကို ဦးစားပေးလေ့လာသုံးသပ် သွားရမည်၊ (ဂ)အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်သည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီလာစေရေးအတွက် လေ့လာသုံးသပ် တင်ပြသွားရမည်၊ (ဃ)ပြည်သူတို့၏ ယုံကြည်မှု၊ အားထားမှုကိုရရှိသော ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် လေ့လာသုံးသပ်တင်ပြရမည်၊ (င) ပူးပေါင်း ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို နာယက၏ခွင့်ပြုချက်နှင့် အတူ လွှတ်တော်သို့တင်သွင်းရမည်၊ (စ)ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင်လည်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ တင်ပြရမည်၊ (ဆ)ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင် ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်ကို အခြေခံ၍ ဥပဒေမူကြမ်းပြုစုရန်နှင့် ပြည်ထောင်စုသဘောတူ စာချုပ်(Union Accord) အစိတ်အပိုင်း ၁၊ ၂၊ ၃ တို့ကို လေ့လာဆန်းစစ်၍ သက်ဆိုင်သည့် ကိစ္စများကိုလည်း တစ်ပေါင်းတည်း ထည့်သွင်းစဉ်းစားရမည်၊ (ဇ) ဥပဒေမူကြမ်း ပြုစုတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)ပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့် ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)ပါ ပုဒ်မ၊ ပုဒ်မခွဲများအတွက် ပြင်ဆင်လိုသည့် ဥပဒေကြမ်းကို သီးခြားစီရေးသား၍ တစ်ပေါင်းတည်းတင်ပြရမည်၊ (ဈ) ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်မှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄၊ ပုဒ်မ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၆ တို့နှင့်အညီ ဥပဒေမူကြမ်း ပြုစု တင်သွင်းနိုင်ရန် ဆောင်ရွက်ရမည်၊ (ည)ပူးပေါင်း ကော်မတီ၏ လေ့လာသုံးသပ်ချက်များ၊ တင်ပြချက် များကို ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြမီအချိန်ထိ ပေါက်ကြားခြင်းမရှိစေရန် လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းရမည်၊ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးအသေး စိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်၊ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ၊ (ဋ)ပူးပေါင်းကော်မတီ သက်တမ်းကုန်ဆုံးပါက ဆွေးနွေးချက်၊ သုံးသပ်ချက်၊ တင်ပြချက်၊ ဆုံးဖြတ်ချက်နှင့် အစီရင်ခံစာများ၊ စာရွက်စာတမ်း အထောက်အထား မှတ်တမ်းများ အားလုံးကို ပြည်ထောင်စုလွှတ်တော်သို့ စနစ်တကျ လွှဲပြောင်းအပ်နှံရမည်၊ လုပ်ပိုင်ခွင့် ၆ ရပ်၊ လုပ်ထုံးလုပ်နည်း ၃ ရပ်၊ ရပိုင်ခွင့် ၃ ရပ်တို့ကို ကိုယ်စားလှယ်တော်ကြီးများထံ ဖြန့်ဝေထားသည့် ဖွဲ့စည်းမိန့်မူကြမ်းမှာ အသေးစိတ်ဖော်ပြပါရှိပြီးဖြစ်ကြောင်းနှင့် ပူးပေါင်း ကော်မတီ၏သက်တမ်းမှာ စတင်ဖွဲ့စည်းသည့်အချိန်မှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီး သည့်အချိန်ထိ ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ဒုတိယနာယက ရှင်းလင်းတင်ပြသွားသည့် လေ့လာသုံးသပ်ရေးနှင့် ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို လွှတ်တော်၏ သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောများအပါအဝင် ရငွေသုံးငွေများနှင့် ဥပဒေအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းသည် နိုင်ငံတော်၏မူလခွင့်ပြုထားသော ရန်ပုံငွေဖြင့် မလုံလောက်သည့်လုပ်ငန်းများ၊ မဖြစ်မနေကျခံပေးရမည့် အသုံးစရိတ်များနှင့် ထပ်မံအကောင်အထည် ဖော်ရန်လိုအပ်လာသော စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေထပ်မံခွဲဝေခွင့်ပြုရန် ရည်ရွယ်သည့် ဥပဒေကြမ်းတစ်ခုဖြစ်ကြောင်း၊ ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှုကို ထုတ်လုပ်မှု၊ တိုးတက်မှုနှင့် မချိတ်ဆက်နိုင်ပါက ဈေးနှုန်းများအပေါ် ဖိအားဖြစ်စေနိုင်ပြီး ပြည်တွင်းထုတ်လုပ်မှုမတိုးတက်ဘဲ ငွေကြေး လည်ပတ်မှုသာတိုးလာပါက ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာနိုင်သည်ကို သတိထား စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ မူလခွင့်ပြုငွေအသုံးပြုမှုရာခိုင်နှုန်း၊ လက်ကျန်အခြေအနေနှင့် စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှုတို့အား နှိုင်းယှဉ်ကြည့်ရှုရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေဖြုန်းတီးမှုမဖြစ်စေရေးနှင့် ယခုလက်ရှိကာလမှ ဘဏ္ဍာနှစ်ကုန်အထိ တိုတောင်းလှသော လက်ကျန်ကာလတွင် အမှန်တကယ်အကောင် အထည်ဖော်ပြီးစီးရန်အရေးကြီးခြင်း၊ ပြည်တွင်း/ပြည်ပ ကြွေးမြီသက်ရောက်မှု၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ပြန်လည်ရရှိနိုင်မည့် ရန်ပုံငွေအောင်မြင်မှုတို့ကို တိုင်းတာစစ်ဆေးနိုင်မည့်စနစ် စီမံထားရှိရန် လိုအပ်ပါကြောင်း။

 

မူလခွင့်ပြုချက်ပါ သုံးငွေ၏ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်၍ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံလာသည့် ဝန်ကြီးဌာန(၁၂)ခုနှင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းပါ လိုငွေနှင့် GDP အချိုး ၅ ရာခိုင်နှုန်းအတွင်းသာရှိစေရေး၊ အသုံးစရိတ်များ လျှော့ချဆောင်ရွက်ရန် လိုအပ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုး/မွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ကဏ္ဍများတွင် ပိုမိုအကျိုးရှိစေရန် အလေးထား ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

တနင်္သာရီတိုင်းဒေသကြီးကိုယ်စားလှယ် အမှတ် (၁၀) ဦးသန်းအေး(ခ)ဦးတင်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ငွေအပါအဝင် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သုံးသပ်အကြံ ပြုလိုသည်မှာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ နှစ်စဉ်လိုငွေပြလျက် ရန်ပုံငွေရေးဆွဲနေခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ပျက်သုဉ်းနိဂုံးချုပ်စေခဲ့သည့် စီးပွားရေးလုပ်ငန်းတွင် နိုင်ငံတော်က အရှုံးခံခြင်းကို ကောင်းစွာသင်ခန်းစာယူ၍ ငွေစာရင်းပူးပေါင်း ကော်မတီ၏အကြံပြုချက် နည်းလမ်းများအတိုင်း ဆယ်မကုစားသွားရမည်ဖြစ်ပါကြောင်း။

 

အခွန်ရငွေများသည် မူလခန့်မှန်းခြေထက်ပိုမို ရရှိခြင်းအပေါ် ကြိုဆိုပါကြောင်း၊ သို့ရာတွင် အခွန်စက်ဝန်းမှ ကင်းလွတ်နေသော နယ်ပယ်များစွာရှိနေသေးရာ အခွန်နှုန်းထားမတိုးဘဲ အခွန်နယ်ပယ်တိုးချဲ့ခြင်း၊ သတ်မှတ်ကောက်ခံနှုန်းနှင့် အမှန်မြေပြင် ကောက်ခံနှုန်း ကွာခြားမှု မများအောင် ကြပ်မတ်ဆောင်ရွက်ခြင်း၊ တိုက်တာမြေယာစသည့် အခြေခံ ပစ္စည်းများ ပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံသည့် ဥပဒေကဲ့သို့ အခွန်ဥပဒေများရေးဆွဲ ပြဋ္ဌာန်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်ဘဏ္ဍာအခွန်ငွေများ တိုးမြှင့်ရနိုင်ခြေကောင်းစွာရှိကြောင်း အကြံပြုလိုပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

မွန်ပြည်နယ် ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့်က ဖြည့်စွက်ခွင့်ပြုသုံးငွေပမာဏ ငွေကျပ် ၇၄၆၈ ဒသမ ၇ဝ၂ ဘီလီယံသည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်မှစ၍ ၅ နှစ်အတွင်း ပမာဏ အများဆုံးဖြစ်ကြောင်း၊ ဖြည်စွက်ခွင့်ပြုငွေ အမှန် တကယ်သုံးစွဲနိုင်သည့် အချိန်ကာလသည် (၄) လခန့် သာကျန်ရှိသဖြင့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ရေးသည် ကြီးမားသည့် ကန့်သတ်ချက်တစ်ရပ်ဖြစ်သည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ သုံးသပ်ချက်ကို တွေ့ရှိရပါကြောင်း။

 

ဘဏ္ဍာနှစ်ကုန်ဆုံးမည့်အချိန်တွင် ခွင့်ပြုထားသောငွေများကို မသုံးစွဲနိုင်ပါက နောက်နှစ်တွင် ပြန်လည်တောင်းခံရန် အခက်အခဲရှိနိုင်သည့်အတွက် ထိုငွေကို အလျင်အမြန်သုံးစွဲရန် ဖိအားဖြစ်လာနိုင်ပါကြောင်း၊ လိုအပ်ချက်များကို အခြေခံသုံးစွဲခြင်းထက် ရန်ပုံငွေ ကုန်ဆုံးရေးကိုသာ ဦးစားပေးနိုင်ပါကြောင်း၊ ၄ လခန့်သာ ကျန်ရှိသည့်အချိန်သည် အလွန်တိုတောင်းသော ကာလဖြစ်သဖြင့် ဖြည့်စွက်ငွေခွင့်ပြုခြင်းသည် တစ်ဖက်တွင်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေသော်လည်း အခြားတစ်ဖက်တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေများကို အရည်အသွေးပြည့်မီ၊ ထိရောက်၊ အကျိုးရှိ စွာသုံးစွဲနိုင်မည်ဆိုသည့်အချက်မှာ စဉ်းစားစရာ ဖြစ်စေပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်က ဝန်ကြီးဌာနများမှ တင်ပြလာသည့် ရသုံးမှန်းခြေ စာရင်းအများစုသည် ရငွေကိုတိုးပွားအောင် လုပ်ဆောင်သည်ထက် အသုံးစရိတ်ကို ပုံစံအစုံဖြင့် တင်ပြထားသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏ ပကတိစီးပွားရေးအခြေအနေကို သိလျက်နှင့် အချိန်အခါ၊ စောင့်ရမည့်လုပ်ငန်းများကို ရေးဆွဲတင်ပြခြင်း၊ အောက်ခြေအထိ စုံစမ်းစစ်ဆေးမှု အားနည်းခြင်း၊ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများကို ရေးဆွဲတင်ပြမှုမရှိခြင်း၊ မလိုအပ်သည့် တည်ဆောက်ပြုပြင်လုပ်ငန်းများကို ရေးဆွဲ၍ ရန်ပုံငွေတောင်းခံခြင်းများရှိနေ၍ တင်ပြလာသည့် ရသုံးမှန်းခြေစာရင်းများကို လွှတ်တော်ကိုယ်စားလှယ်များက မျက်မြင်ကွင်းဆင်း စစ်ဆေးလျှင် သိရှိလာပါလိမ့် မည်ဖြစ်ကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များ ကြယ်ပွင့်ပြ မေးခွန်းအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများကို မေးမြန်းတောင်းဆိုခဲ့သည့် ပြိုကျ၊ ပျက်စီး၊ အန္တရာယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၊ မြို့နယ် လဝကရုံးများ၊ မဖြစ်မနေပြုပြင်တည်ဆောက်ပေးရမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ဆောင်ရွက်ရမည့် လမ်းတံတားများကို ယခုဘဏ္ဍာ ရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထား ဘတ်ဂျက်အနည်းဆုံးဖြစ်သည့် စစ်ဘေးရှောင် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိလွယ်ရှလွယ်သော အလုပ်သမားရေးရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးနေရသည့် အလုပ်သမားဝန်ကြီးဌာနတို့ကို ယခုတင်ပြသည့် ဖြည့်စွက်ခွင့်ပြုငွေပမာဏထက် ပိုမိုတိုးမြှင့်ပေးရန်လိုအပ်သည်ကို အကြံပြုလိုပါကြောင်း။

 

မိမိတင်ပြခဲ့သည့် ဝန်ကြီးဌာနများအတွက် မဖြစ်မနေ အရေးကြီးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မူလဖြည့်စွက်တောင်းခံငွေထက် ပိုမိုတိုးမြှင့်ပေးနိုင်ရန်၊ လက်ရှိဥပဒေကြမ်းပါ ဖြည့်စွက်ခွင့်ပြုငွေကျပ် ၇၄၆၈ ဒသမ ၇၀၂ ဘီလီယံအတိုင်း မပြောင်းလဲဘဲ၊ ဖြည့်စွက်ခွင့်ပြုငွေပမာဏများသည် ဝန်ကြီးဌာန အသီးသီးမှ ပြန်လည်ဖြတ်တောက်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြန်လည်စိစစ်ဆောင်ရွက်ပေးပါလျှင် ယခုတင်ပြသည့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို သဘောတူညီချက်ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်း၊ ငွေသားစာရင်းအရ စုစုပေါင်းလိုငွေမှာ ငွေကျပ် ၂၁၃ ဘီလီယံဖြစ်ပေါ်ခဲ့ ပါကြောင်း၊ အဆိုပါ စုစုပေါင်းအသုံးစရိတ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေတို့ပါဝင်ကြောင်းနှင့် လက်ရှိတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး အရှုံးဖြစ်ပေါ်မှုကို သက်သာစေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် မြန်မာအမျိုးသားလေကြောင်းတို့မှာ ဘဏ္ဍာရေး အခြေအနေအရ အရှုံးဖြစ်ပေါ်နေသော်လည်း ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူ့ကုန်စည်များ စီးဆင်းမှုမှန်ကန်ရေးအတွက် အားထားရာဖြစ်သည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းများအနေဖြင့် အရှုံးလျော့နည်း၍ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ရေးကိုသာ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ အခွန်အခြေကို တိုးချဲ့ခြင်းကိုလည်းကောင်း၊ အခြေခံပစ္စည်းများအပေါ်မှ အခွန်ကောက်ခံခြင်းနှင့် စံနှုန်းမှန်ကန်ရေးကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်၏ ဆွေးနွေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အခွန်ရငွေများမှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အမှန်စာရင်းများအရ နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းထက်ပိုမိုရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ရငွေရရှိမှုအပေါ် မူတည်၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ်များကို ကဏ္ဍအသီးသီးအလိုက် ခွဲဝေသုံးစွဲရခြင်း ဖြစ်ပါကြောင်း၊ အခွန်အကောက်ရငွေ တိုးတက်မှုရရှိမှသာ နိုင်ငံတော်၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် ကဏ္ဍများတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ သုံးစွဲနိုင်မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနများ၏ ဖွဲ့စည်းမှုနှင့် သဘောတရားကို သေချာစွာလေ့လာရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများသည် စနစ်တကျဖွဲ့စည်းထားပြီး ဝန်ကြီးဌာန တစ်ခုချင်းစီ၏ SOP နှင့် Terms of Reference များရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနတိုင်းသည် ရငွေရှာဖွေရသည့် ဌာနများမဟုတ်ပါကြောင်း၊ ရငွေပိုင်းတွင် အခွန်မှရငွေနှင့် အခွန်မဟုတ်သောရငွေ ဖြစ်ပါကြောင်း၊ အခွန်မှရငွေကို ကောက်ခံရသည့် ဝန်ကြီးဌာနများရှိပြီး အခွန်မဟုတ်သော ရငွေများကိုသာ ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများရှိပါကြောင်း၊ အသုံးစရိတ်ပိုင်းတွင် လစာနှင့် စရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ခွဲခြားထားပါကြောင်း၊ ဝန်ကြီးဌာနတိုင်းသည် စီမံကိန်းပါမှသာလျှင် ဘတ်ဂျက်လျာထားခွင့်ရှိပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများကို စိစစ်သည့် အခါတွင်လည်း မိမိတို့အနေဖြင့် ရှေ့သုံးနှစ် နောက်သုံးနှစ်ကို ပြန်လည်သုံးသပ်ထားသည့် ကာလလတ် ဘဏ္ဍာရေးမူဘောင်ကို ထုတ်ပြန်ထားပြီး ဝန်ကြီးဌာနများကို အဆိုပါမူဘောင်နှင့် ထိန်းချုပ် ထားပါကြောင်း။

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ စာရင်းအောက်တွင် ကြွေးမြီနှင့် ပြန်ဆပ်ငွေများ ထည့်သွင်း လျာထားရပါကြောင်း၊ လူ့အခွင့်အရေးကော်မရှင်၊ အဂတိလိုက်စားမှုကော်မရှင်တို့၏ ငွေလုံးငွေရင်း သာမန်အသုံးစရိတ်များ အားလုံးကိုလည်း ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာနအောက်တွင် ထည့်သွင်းပြီး တောင်းခံပေးရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ စာရင်းတွင် ငွေကျပ် ၂၀၃၃ ဘီလီယံပေါ်ပေါက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တင်သွင်းခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

 

ထို့အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အစီရင်ခံစာတွင်ပါရှိသည့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် သတ်မှတ်ပမာဏရရှိရေး ကြိုးပမ်းအကောင်အထည်ဖော်သင့်ကြောင်း သဘောထားမှတ်ချက်နှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် အဆိုပါခန့်မှန်းချက် ပမာဏရရှိရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME ကဏ္ဍများတွင် ပိုမိုအကျိုးရှိစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း ဆွေးနွေးချက်နှင့် စပ်လျဉ်းပြီး နိုင်ငံတော်၏အသုံးစရိတ်မူဝါဒတွင် အဆိုပါကဏ္ဍများကို အဓိကဦးစားပေး ထည့်သွင်းဆောင်ရွက်ထားရှိပါကြောင်း၊ ဘဏ္ဍာနှစ် ကုန်ဆုံးရန် ၄ လခန့်သာကျန်ရှိသည့်အချိန်သည် စီမံကိန်းအသစ်များအတွက် အလွန်တိုတောင်းသော ကာလဖြစ်သဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို ထပ်မံခွင့်ပြုခြင်းသည် ဘဏ္ဍာငွေကို အချိန်မီထိရောက်စွာနှင့် အကျိုးရှိစွာ သုံးစွဲနိုင်မည် ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တင်ပြတောင်းခံသည့် ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက် မည့်ဒေသ၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်၊ ဖြည့်စွက်ခွင့်ပြုကာလအတွင်း အမှန်တကယ်ဆောင် ရွက်နိုင်မည့် လုပ်ငန်းပမာဏနှင့် တာဝန်ယူမှုတို့ဖြင့် စိစစ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်း ဆွေးနွေးတင်ပြသည်။

 

ထို့နောက် အဆိုပါဥပဒေကြမ်း၏ ရငွေသုံးငွေများ၊ ဥပဒေအကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုပြုချက် အပေါ်အခြေခံပြီး တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ကန့်ကွက်သူရှိသည့်အတွက် စက်ခလုတ်နှိပ် အသုံးပြု၍ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၈၁ မဲ၊ ကန့်ကွက်မဲ ၁၉ မဲ၊ ကြားနေမဲ ၂၈ ရှိပြီး ထောက်ခံမဲ များသည့်အတွက် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

မူရင်းသတင်း — Myanmar Digital News