
နေပြည်တော် နိုဝင်ဘာ ၁၂
နိုဝင်ဘာ ၁၀ ရက်တွင် ပြည်မြို့ ပြည်သာယာရပ်ကွက် ဆေးရုံသစ်လမ်းနေ အောင်သက်ဦး (၄၃) နှစ်၏ နေအိမ်၌ မော်တော်ယာဉ်/ ဆိုင်ကယ် နံပါတ်ပြားများနှင့် ယာဉ်သက်သေခံလက်မှတ်များ အတုပြုလုပ်လိမ်လည် ရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ လှိုင်လှိုင်ထွန်းရွှေ (ခ) ပူတူး (၄၄) နှစ်နှင့် အိအိကေခိုင် (ခ) မအိ (၄၆) နှစ်တို့ နှစ်ဦးအား နေအိမ်၌ အသင့်တွေ့ရှိပြီး နေအိမ်အနောက်ဘက်ရှိ စတိုခန်းအတွင်းမှ RLG မော်တော်ယာဉ်နံပါတ်ပြား ၁၄ ပြား၊ မော်တော်ယာဉ်နံပါတ်ပြားအလွတ် တစ်ပြား၊ ဆိုင်ကယ်နံပါတ်ပြား ရှစ်ပြား၊ ဆိုင်ကယ်နံပါတ်ပြားအလွတ် ၁၇ ပြား၊ မော်တော်ယာဉ်/ ဆိုင်ကယ်နံပါတ်ပြားအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၂၆ မျိုးကို လည်းကောင်း၊ အောင်သက်ဦး၏ အိပ်ခန်းအတွင်းမှ လက်ပ်တော့ နှစ်လုံး၊ မော်နီတာ တစ်လုံး၊UPS တစ်လုံး၊ Computer System Box တစ်လုံး၊ ပလတ်စတစ်ကတ်လောင်းစက် နှစ်လုံး၊ ကာလာပရင်တာလေးလုံး၊ Canon ပရင်တာ တစ်လုံး၊ မိတ္တူကူးစက်အသေး တစ်လုံး၊ ယာဉ်မှတ်ပုံတင်စာအုပ် ၃၀ ၊ ယာဉ်သက်သေခံလက်မှတ် ၁၀ ခု၊ ဆိုင်ကယ်မှတ်ပုံတင်စာအုပ် ၁၀ အုပ်၊ ဆိုင်ကယ်သက်သေခံ လက်မှတ် ၁၀ ခု၊ လက်ကိုင်ဖုန်း နှစ်လုံး၊ ဆက်စပ်ပစ္စည်း ၃၁ မျိုး၊ ၁၀ ကျပ်သားခန့်ရှိ ရွှေတုံးတစ်တုံး၊ ရွှေဆွဲကြိုး နှစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ မီးခံသေတ္တာအတွင်းမှ ငွေစက္ကူရောရာ ကျပ်သိန်း ၂၅၀ တို့ကိုလည်းကောင်း၊ နေအိမ်ခြံဝင်းအတွင်း၌ MDY-20 1Q/5252 HONDA Fit အဖြူရောင်ယာဉ်တစ်စီး၊ ဆိုင်ကယ် နှစ်စီးတို့ ကို သိမ်းဆည်းရမိခဲ့သည်။
ထပ်မံ၍ နိုဝင်ဘာ ၁၁ ရက်တွင် ပူးပေါင်းအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုအရ အောင်သက်ဦးနှင့် ဇနီးဖြစ်သူ ထက်ထက်မင်းတို့ နှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပါရမီလမ်းရှိ ပါရမီအထူးကုဆေးခန်း၌ လက်ကိုင်ဖုန်း နှစ်လုံး၊ ယာဉ်အမှတ် YGN-10/7R-6615 ၊ SUZUKI ERTIGA (အဖြူရောင်) ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ လေးဦးကို အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်



