၁၃.၁၁.၂၀၂၆
Translated by Htwe Ko Tun
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) တွင် ကုန်တင်ကားတစ်စီးက အရှိန်ကိုမထိန်းနိုင်ဖြစ်ကာ ယာဉ်အများအပြားကို ဆင့်ကဲတိုက်မိသည့် ဆိုးရွားသော မတော်တဆမှုတစ်ခု နိုဝင်ဘာလ ၁၂ ရက်၊ ညသန်းခေါင်အချိန်မတိုင်မီက ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကုန်တင်ကား ဝင်တိုက်မိမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါမီးသည် အခြားယာဉ်များဆီသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့သည်။
ယာဉ် ၂၃ စီး ပါဝင်ပတ်သက်ခဲ့သည့် အဆိုပါတိုက်မှုတွင် ကုန်တင်ကားက ဝင်တိုက်မိမှုကြောင့် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး အဆိုပါမီးက အခြားယာဉ်များဆီသို့ လျင်မြန်စွာ ကူးစက်ကာ ပြင်းထန်သော မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘေးအန္တရာယ်ဖြစ်ရပ်သည် အရှေ့ပိုင်းစော်ဘွားနယ်မြေတစ်ခု၏ ဝင်ပေါက်အနီး ယာဉ်သွားလာမှု နှေးကွေးနေသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကုန်တင်ကား ဝင်တိုက်မိမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် မီးကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
ဤဖြစ်ရပ်ကြောင့် “လူအများအပြား အသက်ဆုံးရှုံးခဲ့ရကြောင်း” တာဝန်ရှိသူများကလည်း အတည်ပြု ပြောကြားခဲ့ပြီး သေဆုံးသူများကို မည်သူမည်ဝါခွဲခြားသိရှိနိုင်ရန် မျိုးဗီဇ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ သည်။
သေဆုံးသူများအနက် အချို့မှာ UAE နိုင်ငံသားများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
UAE နိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံးကလည်း သေဆုံးသူများထဲတွင် အိန္ဒိယနိုင်ငံသားများ ပါဝင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ကောင်စစ်ဝန်ရုံးအနေဖြင့် မိမိတို့မိသားစုဝင်များ ဆုံးရှုံးလိုက်ရသည့် မိသားစုများနှင့် ဆက်သွယ်ထားပြီး ၎င်းတို့အား အကူအညီနှင့် ထောက်ပံ့မှုများ ပေးအပ်နိုင်ရန် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
လူဦးရေ အနည်းဆုံး ၃၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့သည်။
ဒဏ်ရာရရှိသူများအနက် ထက်ဝက်ခန့်မှာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ပြီး ကျန်ရှိသူများမှာ ဆက်လက်၍ ဆေးကုသမှု ခံယူလျက်ရှိသည်။
ဒဏ်ရာရရှိသူများသည် UAE၊ အိုမန်၊ ဘရာဇီး၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့မှ နိုင်ငံသားများ ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
Ref: The Mirror