
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်မှာ တိုက်ခန်းအဆောက်အအုံတစ်ခု ပြိုကျပြီး လူ ၈ ဦး သေဆုံးခဲ့ ပါတယ်။ ကြာသပတေးနေ့မှာ မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကို ဆက်လက်ရှာဖွေခဲ့ပေမဲ့ နောက်ထပ် လူတွေကို မတွေ့တော့ဘဲ ကယ်ဆယ်ရေး လုပ်ငန်းကို အဆုံးသတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆောက်အအုံပြိုကျမှုနောက်တစ်နေ့မှာ မြို့တော်ဝန် ဇိုဟရန် မမ်ဒါနီ က ပြိုကျတဲ့အဆောက်အအုံနဲ့ ကပ်လျက် ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၅ ခုကို စစ်ဆေး သွားမယ်လို့ ပြောပါတယ်။ အဲဒီကုမ္ပဏီတွေနဲ့ ဆက်နွှယ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ၁၀၀ ကိုလည်း ထပ်မံ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီနှစ်အစောပိုင်းကတည်းက မြေတူးဖော်တဲ့လုပ်ငန်းတွေ လုပ်နေခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေက ဖော်ပြပါတယ်။ စက်တင်ဘာလမှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက တာဝန်ရှိသူ တွေထံ တင်ပြထားတဲ့ အကြောင်းကြားစာမှာလည်း မြေတူးဖော်ရေးလုပ်ငန်းထဲမှာ ကျောက်ဖောက်ခွဲမှု ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အဆောက်အအုံပြိုကျမှုကြောင့် အပျက်အစီးတွေထဲမှာ လူ ၆ ဦး သေဆုံးနေပြီး နောက်ထပ် ၂ ဦးကတော့ ဒဏ်ရာတွေ ကြောင့် နောက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ၂ ဦး ပါဝင်ပြီး အရွယ်ရောက်သူ ၆ ဦးထဲမှာ ဆောက်လုပ်ရေးလုပ်သား ၂ ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၁၈ ဦးရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ မီးသတ်သမား ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
မြို့တော်အဆောက်အအုံစစ်ဆေးရေးအဖွဲ့တွေဟာ အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုလည်း လိုက်လံ စစ်ဆေးနေပါတယ်။ အဆောက်အအုံပြိုကျမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့သားတွေ စိုးရိမ်စရာတစ်ခုခုရှိခဲ့ရင် အမြန်ဆုံး သိရှိပြီး ဖြေရှင်းနိုင်ဖို့ ဒီစစ်ဆေးမှုတွေ လုပ်တာဖြစ်တယ်လို့ မြို့တော်ဝန် မမ်ဒါနီက ပြောပါတယ်။
မမ်ဒါနီကလည်း ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ လူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရှိခဲ့ရင် အပြည့်အဝ တာဝန်ယူစေမယ်လို့ ပြောပါတယ်။
ပြိုကျခဲ့တဲ့ အဆောက်အအုံဟာ ၁၉၃၀ ခုနှစ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး လူနေခန်း ၄ ခန်း ပါဝင်ပါတယ်။ အဆောက်အအုံမှာ ရွှေ့ပြောင်းနေထိုင်သူ မိသားစုတချို့လည်း နေထိုင်ကြတယ်လို့ မမ်ဒါနီက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အီကွေဒေါနိုင်ငံသား ၂ ဦးလည်း ပါဝင်ပါတယ်။
အဆောက်အအုံဟာ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်မှာ ပြိုကျခဲ့ပြီး ဘေးချင်းကပ် လူနေအဆောက်အအုံရဲ့ နံရံ တစ်ဖက်ကိုပါ ပျက်စီးစေခဲ့ပါတယ်။ အဲဒီအဆောက်အအုံရဲ့ လှေကားတွေ၊ အဝတ်သိုလှောင်ခန်းတွေနဲ့ အိပ်ခန်း တစ်ခန်းလည်း ပေါ်ထွက်သွားခဲ့ပါတယ်။
ဘေးကင်းရေးစစ်ဆေးမှုတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် အဲဒီလမ်းတစ်ဖက်တည်းမှာရှိတဲ့ နောက်ထပ် လိပ်စာ ၃ ခုက အဆောက်အအုံတွေကိုလည်း ယာယီရွှေ့ပြောင်းနေထိုင်ဖို့ အမိန့်ပေးထားပါတယ်။
ကြာသပတေးနေ့မှာ မိုးသည်းထန်စွာ ရွာနေတဲ့ကြားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေတူးစက် ၂ စီးနဲ့ အပျက် အစီးတွေကို ရှင်းလင်းနေခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ လူ ၂၅၀ ခန့် ပါဝင်ပြီး နာရီပေါင်း ၂၄ နာရီ ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။
မွန်းတည့်အချိန်ခန့်မှာ မီးသတ်ဌာနအကြီးအကဲ လီလီယန် ဘွန်စီညိုး က အပျက်အစီးအောက်မှာ လူတွေ ထပ်ရှိ နိုင်တယ်လို့ ယူဆထားတဲ့အတွက် အပျက်အစီးကြီးတွေကို ဖယ်ရှားပြီး အောက်မှာ ရှာဖွေနိုင်တဲ့အထိ ကယ်ဆယ်ရေး လုပ်ငန်းကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဒါပေမဲ့ နာရီအနည်းငယ်အကြာမှာတော့ မီးသတ်ဌာနက အပျက်အစီးအောက်မှာ နောက်ထပ် လူတွေ ပိတ်မိနေခြင်း မရှိတော့ဘူးလို့ အတည်ပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းကို အဆုံးသတ်လိုက်ပါတယ်။
Ref – Reuters