၁၃.၁၁.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီ အလယ်ပိုင်းရှိ De Beers လက်ဝတ်ရတနာဆိုင်တွင် နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၁:၁၅ နာရီ (GMT အချိန် ၁၀:၁၅ နာရီ) ခန့်က လူလေးဦးသည် လက်နက်ပြ ခြိမ်းခြောက်ကာ ယူရိုငွေ သိန်းဂဏန်းတန်ဖိုးရှိ ဇိမ်ခံပစ္စည်းများကို လုယက်ယူဆောင်သွားပြီးနောက် ဆိုင်ကယ်များဖြင့် အလျင်အမြန် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိသည်။
လုယက်မှုအတွင်း ၎င်းတို့သည် လက်နက်များကို ထုတ်ပြခဲ့သော်လည်း ပစ်ခတ်ခြင်းမရှိခဲ့ကြောင်းနှင့် မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ပါရီရဲတပ်ဖွဲ့က ပြောကြားသည်။
ဇိမ်ခံလက်ဝတ်ရတနာဆိုင်များ စုဝေးရာ Place Vendôme ရင်ပြင်အနီး၊ Rue de la Paix လမ်းမပေါ်ရှိ De Beers လက်ဝတ်ရတနာဆိုင်ခွဲတစ်ခုတွင် ဤလုယက်မှု ဖြစ်ပွားခဲ့ကြောင်း De Beers Group မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
၎င်းပြောရေးဆိုခွင့်ရှိသူက ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှုမျိုး မရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးရာ ကောင်းမွန်စေရန် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးနေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဆိုင်ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း AP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပါရီမြို့ရှိ Alliance ရဲတပ်ဖွဲ့သမဂ္ဂမှ ကိုယ်စားလှယ် ဖာဘီယန် ဘိုဂေးစ်က သံသယရှိသူလေးဦးသည် တိုက်ခိုက်ရေးသုံး သေနတ်များကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး မိနစ်ပိုင်းအတွင်း ယူရိုငွေ သိန်းဂဏန်းတန်ဖိုးရှိ ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်ပွားရာနေရာ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပြင်သစ်မီဒီယာများတွင် ဖော်ပြထားသည့် ဗီဒီယိုမှတ်တမ်းများအရ၊ လုယက်မှုမပြုလုပ်မီ အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ကာ ဦးထုပ်ဆောင်းထားသူများသည် သေနတ်များကိုင်ဆောင်လျက် ဆိုင်ရှေ့ရှိ လမ်းဘေးပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေပြီးနောက် ဆိုင်ကယ်များဖြင့် အလျင်အမြန် မောင်းနှင်ထွက်ပြေးသွားကြသည်ကို တွေ့ကြရသည်။
လုယက်ယူဆောင်သွားသည့် ပစ္စည်းများ၏ တိကျသော တန်ဖိုးကိုမူ ချက်ချင်း မသိရှိရသေးပေ။
Ref: AP