Myanmar Digital News

အယ်လ်နီညိုနှင့် မြို့ပြအပူဒဏ် ကာကွယ်ရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍ

ဝေဖြိုးအောင်

ယနေ့ခေတ်ကာလတွင် လူသားတို့၏ စက်မှုထွန်းကားလာမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လျက်ရှိပြီး ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်အဟုန်ဖြင့် ရင်ဆိုင်နေရပါသည်။

ဤဖြစ်စဉ်များအနက် သဘာဝရာသီဥတု ဖောက်ပြန်မှုတစ်ခုဖြစ်သော အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာရေပြင် ပူနွေးလာမှုမှတစ်ဆင့် ကမ္ဘာ့လေထုစီးကြောင်းများကို ပြောင်းလဲစေကာ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကို ဖြစ်ပေါ် စေပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် အယ်လ်နီညို၏ သက်ရောက်မှုကို တိုက်ရိုက်ခံစားရလေ့ရှိသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံများစွာ၌ မြို့ပြချဲ့ထွင်ခြင်း လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိရာ သစ်ပင်၊ သစ်တောများနေရာတွင် ကွန်ကရစ်အဆောက်အအုံများနှင့် လမ်းများအစားထိုးဝင်ရောက်လာသည်။ စက်ရုံအလုပ်ရုံများ၊ မော်တော်ယာဉ်များနှင့် အဲကွန်းများမှ ထွက်ရှိသော အပူငွေ့များကြောင့် မြို့ပြများ သည် ယင်းတို့၏ ပတ်ဝန်းကျင် ကျေးလက်ဒေသများထက် သိသာစွာ ပိုမိုပူပြင်းသည့် ‘‘မြို့ပြအပူကျွန်း’’ အာနိသင်ကို ခံစားနေကြရသည်။

အယ်လ်နီညိုနှင့် မြို့ပြအပူကျွန်း အာနိသင်နှစ်ခု ပေါင်းဆုံသွားသောအခါ မြို့ပြနေပြည်သူများ အတွက် ကျန်းမာရေးအရ အလွန်အန္တရာယ်ကြီးမားသော အခြေအနေတစ်ရပ်ကို ဖန်တီးပေးလျက်ရှိပါသည်။ ဤကဲ့သို့သော ရှုပ်ထွေးသည့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အထက်မှအောက်သို့ ညွှန်ကြားသောအစိုးရ၏ မူဝါဒများသာမက အောက်ခြေ ပြည်သူလူထုမှ တက်ကြွစွာပူးပေါင်းပါဝင်လာခြင်းကသာလျှင် ရေရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုကို ရရှိစေမည်ဖြစ်ပါသည်။

အယ်လ်နီညို၏ သဘောသဘာဝနှင့် မြို့ပြအပေါ် သက်ရောက်မှုများ

အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့်အလယ်ပိုင်းရှိ ပင်လယ်ရေပြင် အပူချိန်သည် ပုံမှန်ထက်ထူးကဲစွာ ပူနွေးလာသော သဘာဝဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ အယ်လ် နီညိုဖြစ်ပေါ်သောနှစ်များတွင် ကမ္ဘာ့လေစီးကြောင်း များပြောင်းလဲသွားပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်တတ်သကဲ့သို့ အရှေ့တောင်အာရှ၊ ဩစတြေးလျနှင့် အာဖရိကဒေသများတွင်မူ မိုးခေါင် ရေရှားခြင်းနှင့် အပူလှိုင်းဖြတ်ခြင်းများကို ဆိုးရွားစွာ ကြုံတွေ့ရလေ့ရှိသည်။

မြို့ပြဒေသများအတွက် အယ်လ်နီညို၏ သက်ရောက်မှုသည် အလွန်ကြီးမားပါသည်။ ပထမ ဦးစွာ အပူချိန်လွန်ကဲမှုကြောင့် မြို့ပြရှိ လျှပ်စစ်ဓာတ်အားပေးစနစ်များအပေါ် ဝန်ပိစေပြီး လျှပ်စစ် မီးပြတ်တောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ဒုတိယအနေဖြင့် ရေချိုအရင်းအမြစ်များ ခန်းခြောက် လာခြင်းကြောင့် မြို့ပြရေပေးဝေရေးစနစ်များကိုထိခိုက်စေကာ သန့်ရှင်းသော သောက်သုံးရေရှားပါး မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် မြို့ပြဈေးများနှင့် စားသောက်ဆိုင်များတွင် ရေရှားပါးမှုကြောင့် အစားအသောက် ဘေးကင်းလုံခြုံရေးစံညွှန်းများ ကျဆင်းကာ ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ သော ကူးစက်ရောဂါများ လျင်မြန်စွာပျံ့နှံ့နိုင်သည့် အန္တရာယ်ရှိပါသည်။

မြို့ပြအပူကျွန်း အာနိသင် ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ

မြို့ပြဒေသများတွင် အပူချိန်ပိုမိုမြင့်မားရခြင်း၏ အဓိကအကြောင်းရင်းများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်-

(က) မြို့ပြရှိ ကတ္တရာလမ်းများနှင့် ကွန်ကရစ် အဆောက်အအုံများသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်ခြင်းမရှိဘဲ အပူကို စုပ်ယူသိမ်းဆည်းထားသည်။ နေ့ဘက်တွင် စုပ်ယူထားသောအပူများကို ညဘက်တွင် ပြန်လည်ထုတ်လွှတ်သောကြောင့် မြို့ပြများသည် ညအချိန်တွင်ပင် အေးမြ ခြင်းမရှိဘဲ ပူအိုက်နေတတ်သည်။

(ခ) သစ်ပင်များ၊ မြက်ခင်းများနှင့် ရေကန်များသည် ပတ်ဝန်းကျင်ကို သဘာဝအလျောက် အေးမြစေသော စနစ်များဖြစ်သည်။ သို့သော် မြို့ပြများတွင် ထိုသဘာဝပတ်ဝန်းကျင်များ ပျောက် ကွယ်သွားသဖြင့် အအေးဓာတ်ပေးစွမ်းနိုင်မှု လျော့ကျသွားသည်။

(ဂ) လမ်းမပေါ်ရှိ မော်တော်ယာဉ် အင်ဂျင်များ မှထွက်သော အပူများ၊ အိမ်များနှင့် ရုံးများတွင် အသုံးပြုသော လေအေးပေးစက်များမှ စွန့်ထုတ်လိုက်သော အပူငွေ့များ၊ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော အပူများသည် လေထုထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

(ဃ) မြင့်မားသော အဆောက်အအုံများကြောင့် လေဝင်လေထွက် လမ်းကြောင်းများ ပိတ်ဆို့သွားပြီး အပူများမှာ မြို့ပြအတွင်း၌သာ ပိတ်မိနေစေသည်။

အယ်လ်နီညိုနှင့် မြို့ပြအပူဒဏ် ပေါင်းစပ်သွားသောအခါ ခြိမ်းခြောက်လာမည့် အန္တရာယ်များ

အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာသော အပူလှိုင်းသည် မြို့ပြအပူကျွန်းရှိနေပြီးသား မြို့ပြများသို့ ရောက်ရှိလာသောအခါ အပူချိန်မှာ ပုံမှန်ထက် နှစ်ဆခန့် ပိုမိုပြင်းထန်သွားပါသည်။ ဤပေါင်းစပ် အာနိသင်သည် ပြည်သူလူထု၏ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိသည်။ အထူးသဖြင့် အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပိုမို ဆိုးရွားလာခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နာတာရှည်ရောဂါသည်များနှင့် ပြင်ပတွင် အလုပ်လုပ်ကိုင်ရသော နေ့စားအလုပ် သမားများသည် ဤအန္တရာယ်ကို အခံရဆုံးသော အုပ်စုများ ဖြစ်ကြသည်။

ထို့ပြင် စီးပွားရေးအရလည်း ထိခိုက်မှုများစွာ ရှိပါသည်။ အလုပ်သမားများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကျဆင်းခြင်း၊ လျှပ်စစ်မီးအလွန် အကျွံသုံးစွဲရသဖြင့် စွမ်းအင်ကုန်ကျစရိတ် မြင့်မား ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များ ကြီးမားလာခြင်းတို့သည် မြို့ပြစီးပွားရေး ယန္တရားကို နှောင့်နှေးစေပါသည်။ ထို့ကြောင့် ဤပေါင်းစပ်အန္တရာယ်ကို ရင်ဆိုင်ရန် အစိုးရချည်း သက်သက်ဖြင့် မလုံလောက်ဘဲ ပြည်သူလူထု၏ လက်တွေ့ကျသော ပူးပေါင်းပါဝင်မှုများ အရေးတကြီး လိုအပ်လာပါသည်။

မြို့ပြအပူဒဏ် ကာကွယ်ရေးတွင် ပြည်သူတစ်ဦးချင်းစီ၏ ပါဝင်ဆောင်ရွက်မှု

ပြည်သူတစ်ဦးချင်းစီ၏ နေ့စဉ်နေထိုင်မှုပုံစံများကို ပြောင်းလဲလိုက်ခြင်းဖြင့် မြို့ပြအပူဒဏ်ကို ထိရောက်စွာ လျှော့ချနိုင်ပါသည်။

နေအိမ်များကိုအေးမြအောင် ဖန်တီးခြင်းအနေဖြင့် မိမိတို့၏ အိမ်ခေါင်မိုးများကို အလင်းပြန်နှုန်း ကောင်းသော ဆေးအဖြူ သို့မဟုတ် အရောင်ဖျော့များ သုတ်ခြင်းဖြင့် နေရောင်ခြည်စုပ်ယူမှုကို သိသာစွာလျှော့ချနိုင်သည်။ ထို့ပြင် ပြတင်းပေါက်များတွင် နေရောင်ကာများ၊ လိုက်ကာများ တပ်ဆင် ခြင်း၊ နံရံနှင့် မျက်နှာကြက်များကြားတွင် အပူကာ ပစ္စည်းများ ထည့်သွင်းခြင်းဖြင့် အိမ်တွင်းအပူချိန် ကို လျှော့ချနိုင်သည်။ အိမ်တွင်းလေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းပေါက်များကို စနစ်တကျ ဖွင့်ထားခြင်းသည်လည်း အဲကွန်းအသုံးပြုမှုကို လျှော့ချပေးနိုင်သည်။

အဲကွန်းများ အလွန်အကျွံ အသုံးပြုခြင်းက အပြင်ဘက်လေထုကို ပိုမိုပူပြင်းစေသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အဲကွန်းအပူချိန်ကို အသင့်အတင့် (၂၅ မှ ၂၆ ဒီဂရီစင်တီဂရိတ်) တွင်ထားရှိခြင်း၊ ပန်ကာနှင့် တွဲဖက်အသုံးပြုခြင်းတို့ကို ပြုလုပ်သင့်သည်။ အသုံးမပြုသော လျှပ်စစ် ပစ္စည်းများကို ပိတ်ထားခြင်းသည်လည်း အိမ်တွင်းမှ ထွက်သောအပူကို လျှော့ချပေးသည်။

အယ်လ်နီညိုကာလတွင် ရေရှားပါးမှုဒဏ်ကို ကာကွယ်ရန် ပြည်သူများအနေဖြင့် ရေချွေတာ သုံးစွဲခြင်းကို အထူးဂရုပြုရမည်။ မိုးရာသီတွင် မိုးရေလှောင်ကန်များဖြင့် ရေကို စုဆောင်းထားခြင်း၊ သုံးပြီးသားရေများကို သင့်တော်ရာနေရာတွင် ပြန်လည်အသုံးပြုခြင်း စသည့်အလေ့အကျင့်များကို ကျင့်သုံးသင့်သည်။

ရပ်ရွာအခြေပြု အစပျိုးဆောင်ရွက်မှုများ

ရပ်ကွက်တစ်ခုလုံး သို့မဟုတ် အသိုက်အဝန်းတစ်ခုလုံး စုပေါင်းလုပ်ဆောင်မှုများသည် တစ်ဦး ချင်းလုပ်ဆောင်မှုထက် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုကို ရရှိစေပါသည်။

ရပ်ကွက်တွင်း သစ်ပင်စိုက်ပျိုးခြင်းနှင့် စိမ်းလန်းရေးစီမံကိန်းများ ရပ်ကွက်လူထုစုပေါင်း၍ လမ်းဘေးဝဲယာများ၊ ဓမ္မာရုံဝင်းများ၊ စာသင်ကျောင်း များနှင့် ပန်းခြံငယ်များတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို လုပ်ဆောင်ရမည်။ မြန်မာနိုင်ငံ၏ မြို့ပြစိမ်းလန်းရေးစီမံကိန်းများတွင် ပြည်သူများ အနေဖြင့် ရာသီဥတုနှင့်ကိုက်ညီပြီး အရိပ်အာဝါသ ကောင်းစွာပေးစွမ်းနိုင်သော ပိတောက်၊ ကံ့ကော် နှင့် ဗာဒံပင်ကဲ့သို့သော အပင်မျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် တိုက်တွန်းသင့်ပါသည်။ ထို့ပြင် မြို့ပြအဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင် ဥယျာဉ်ငယ်များ ဖန်တီးခြင်းနှင့် နံရံများတွင် အပင်များ စိုက်ပျိုးခြင်းကိုလည်း ရပ်ကွက်စီမံကိန်းများအဖြစ် အကောင်အထည်ဖော်နိုင်သည်။

အလွန်ပူပြင်းသော နွေရာသီကာလများတွင် ရပ်ကွက်အတွင်းရှိ ဓမ္မာရုံများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာကြည့်တိုက်များ စသည့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ‘‘အအေးပေး နားခိုရာစင်တာများ’’ အဖြစ် ဖွင့်လှစ်ပေးနိုင်သည်။ ယင်းနေရာများတွင် လေဝင်လေထွက် ကောင်း အောင်ဖန်တီးပေးခြင်း၊ ရေအေးများ တိုက်ကျွေးခြင်းတို့ကို စေတနာ့ဝန်ထမ်းများက စီစဉ်ပေးခြင်းဖြင့် အပူဒဏ်ကို ခံနိုင်ရည်မရှိသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ကယ်တင်နိုင် မည်ဖြစ်သည်။ အပူချိန်မြင့်မားချိန်တွင် စွန့်ပစ်အမှိုက်များ ပုပ်သိုးလွယ်ပြီး ရောဂါပိုးမွှားများ (ဥပမာ - ယင်ကောင်၊ ခြင်) ပေါက်ပွားမှုအလွန်မြန် ဆန်ပါသည်။ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းခြင်းများကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် မြို့ပြကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ သတိပေးစနစ်များနှင့် အသိပညာပေးခြင်း

အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် အပူလှိုင်းများကို ရင်ဆိုင်ရန်အတွက် ကြိုတင်သတိပေး စနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများသည် အရေးကြီးပါသည်။ မြန်မာတို့၏ ရိုးရာဓလေ့ဖြစ် သော ပရဟိတစိတ်ထားကိုအခြေခံ၍ ရပ်ကွက်အတွင်းရှိ အားနည်းသူများ (သက်ကြီးရွယ်အိုများ၊ တစ်ကိုယ်တည်းနေထိုင်သူများ)ကို အိမ်နီးချင်းများက နေ့စဉ်သွားရောက်ကြည့်ရှုစစ်ဆေးပေး သည့်စနစ်ကို ကျင့်သုံးရမည်။ အပူလျှပ်ခြင်း၏ လက္ခဏာများကို စောင့်ကြည့်ပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံဆေးခန်းသို့ အချိန်မီ ပို့ဆောင်ပေးခြင်းသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။

လူမှုကွန်ရက်စာမျက်နှာများ၊ ရေဒီယိုနှင့် လက်ကမ်းစာစောင်များမှတစ်ဆင့် အပူဒဏ်ကို မည်သို့ကာကွယ်မည်နည်း၊ ရေဓာတ်မခန်းခြောက်အောင် မည်သို့နေထိုင်ရမည်နည်းစသည့် အသိ ပညာပေးအစီအစဉ်များကို ပြည်သူများကိုယ်တိုင်က ဦးဆောင်၍ ကျယ်ကျယ်ပြန့်ပြန့် မျှဝေသင့်သည်။ အပူချိန်လွန်ကဲချိန်တွင် ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်နှင့် အရောင်ဖျော့ပြီး ချည်သား အဝတ်အစားများကို ဝတ်ဆင်ရန် သတိပေးရပါမည်။

မြို့ပြမူဝါဒနှင့် စီမံကိန်းများတွင်

ပြည်သူများ၏ ပါဝင်ပတ်သက်မှု

မြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံကိန်းများတွင် ပြည်သူများ၏ အသံပါဝင်ရန် လိုအပ်ပါသည်။ ရပ်ကွက်လူထုအဖွဲ့အစည်းများမှတစ်ဆင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများထံသို့ ရပ်ကွက်ပန်းခြံများ ပိုမိုတည်ဆောက်ပေးရန်၊ ရှိပြီးသား သစ်ပင်ကြီးများကို ခုတ်လှဲခြင်းမှ ကာကွယ်ပေးရန်နှင့် အများပြည်သူနားနေရန် အရိပ်ရနေရာများ ဖန်တီးပေးရန် တောင်းဆိုမှုများ၊ အကြံပြုမှုများ ပြုလုပ်ရမည်။ အပူချိန်မြင့်မားလာသည်နှင့်အမျှ စားသောက်ဆိုင်များနှင့် မြို့ပြဈေးများတွင် အစားအသောက် ဘေးကင်းလုံခြုံရေးသည် အထူးအရေးပါလာသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးစံညွှန်းများနှင့်အညီ ပူးပေါင်းပါဝင်ရန်၊ အစားအသောက်များကို သန့်ရှင်းစွာကိုင်တွယ်ရန်နှင့် စားသုံးသူများကလည်း သန့်ရှင်းမှုမရှိသောဆိုင်များကို သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားရန် တာဝန်ရှိပါသည်။ အသစ်တည်ဆောက်မည့် အဆောက်အအုံများ သည် အပူဒဏ်ခံနိုင်သောဒီဇိုင်းများ၊ လေဝင်လေထွက်ကောင်းသော တည်ဆောက်ပုံများ ဖြစ်စေ ရေးအတွက် မြို့ပြအင်ဂျင်နီယာများ၊ ဗိသုကာ ပညာရှင်များနှင့် ပြည်သူများပူးပေါင်းကာ အစိုးရ၏ အဆောက်အအုံဆိုင်ရာစည်းမျဉ်းများကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရန် တွန်းအားပေး တောင်းဆို နိုင်ပါသည်။

နိုင်ငံတကာ ဖြစ်ရပ်လေ့လာမှုများ

မြို့ပြအပူဒဏ်ကာကွယ်ရေးတွင် ပြည်သူများ တက်ကြွစွာပါဝင်ခဲ့သည့် နိုင်ငံတကာမှ အောင်မြင်သော ဖြစ်ရပ်များကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်-

ဂျပန်နိုင်ငံ တိုကျိုမြို့ (Tokyo, Japan) ၏ ယူချီမစ်ဇု (Uchimizu)။ တိုကျိုမြို့တွင် နွေရာသီအပူလှိုင်းများကိုတိုက်ဖျက်ရန် ရှေးဟောင်းရိုးရာ ဓလေ့တစ်ခုဖြစ်သည့် "Uchimizu" (လမ်းပေါ်သို့ ရေဖျန်းခြင်း)ကို ပြည်သူများက အကြီးအကျယ် ပြန်လည်အသက်သွင်းခဲ့ကြသည်။ သန့်ရှင်းသော စွန့်ပစ်ရေ (ဥပမာ - ရေချိုးပြီးကျန်သောရေ၊ မိုးရေ)များကို နေ့လယ်ခင်းအချိန်များတွင် မိမိတို့အိမ်ရှေ့လမ်းမများပေါ်သို့ စုပေါင်းဖျန်းပက်ကြခြင်းဖြစ်သည်။ ရေငွေ့ပြန်ခြင်းဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင် လေထုအပူချိန်ကို သိသာစွာကျဆင်းစေသည့်အပြင် ပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုလည်း ရရှိစေခဲ့သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ (Paris, France)၏ OASIS စီမံကိန်း။ ပဲရစ်မြို့တွင် နွေရာသီ အပူလှိုင်း များကြောင့် သေဆုံးမှုများရှိခဲ့ပြီးနောက် OASIS စီမံကိန်းကို စတင်ခဲ့သည်။ ကျောင်းဝင်းများကို ကွန်ကရစ်ခင်းခြင်းမှ ဖယ်ရှားကာ သစ်ပင်များ၊ မြေသားများ၊ ရေပန်းများဖြင့် အစားထိုးခဲ့သည်။ ဤစီမံကိန်း၏ အရေးအကြီးဆုံးအစိတ်အပိုင်းမှာ ကျောင်းသားများ၊ မိဘများနှင့် ရပ်ကွက်နေပြည်သူ များကိုယ်တိုင် ဒီဇိုင်းရေးဆွဲရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပိတ်ရက်များတွင် ထိုကျောင်းဝင်း များကို ရပ်ကွက်နေပြည်သူများ အပူရှောင်ရန်အတွက် ‘‘အအေးပေး နားခိုရာများ’’အဖြစ် ဖွင့်လှစ် ပေးထားသည်။

ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ

 ပြည်သူများ ပါဝင်ဆောင်ရွက်ရာတွင် လက်တွေ့၌ အောက်ပါအခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေနိုင်ပါသည်-

(က) အိမ်ခေါင်မိုးအပူကာများ တပ်ဆင်ရန်၊ စွမ်းအင်ချွေတာသော အဲကွန်းများ ဝယ်ယူရန် ကုန်ကျစရိတ် မြင့်မားနိုင် ခြင်းသည် အခြေခံလူတန်းစားများအတွက် ကြီးမားသော အတားအဆီး ဖြစ်သည်။

(ခ) အယ်လ်နီညိုနှင့် အပူကျွန်းအာနိသင်၏ ဆက်စပ်မှု၊ ယင်းတို့၏ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို သာမန်ပြည်သူ များအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်မှု အားနည်းနေဆဲဖြစ်သည်။

(ဂ) ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုအားပေးမည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများ လုံလောက်မှု မရှိသေးခြင်းတို့ ဖြစ်သည်။

အယ်လ်နီညိုနှင့် မြို့ပြအပူကျွန်းအာနိသင်တို့ ပေါင်းစပ်လာခြင်းသည် ယနေ့ခေတ် မြို့ပြနေ ပြည်သူများအတွက် အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်သော ပြဿနာတစ်ရပ် ဖြစ်လာနေပြီ ဖြစ်သည်။ ဤကြီးမားသော စိန်ခေါ်မှုကို ဖြေရှင်းရာတွင် အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်း များနှင့် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်သူလူထု တစ်ဦးချင်းစီ၏စွမ်းအင်ချွေတာမှု၊ သစ်ပင်စိုက်ပျိုးမှု၊ ရပ်ရွာအချင်းချင်း ရိုင်းပင်းကူညီမှုနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်မှုတို့သည် မရှိမဖြစ်လိုအပ်လှပါသည်။

နိုင်ငံတကာမှ အောင်မြင်သောဖြစ်ရပ်များက သက်သေပြနေသည့်အတိုင်း အောက်ခြေပြည်သူ များ၏ ပါဝင်မှုအားကောင်းသော မဟာဗျူဟာများသာလျှင် ရေရှည်တည်တံ့သော အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုအေးမြပြီး နေချင့် စဖွယ်ကောင်းသော၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြများ တည်ဆောက်နိုင်ရေးအတွက် ယနေ့မှစ၍ အစိုးရနှင့်ပြည်သူ အချိတ်အဆက်မိမိ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ။

မှီငြမ်းကိုးကားစာရင်း

၁။ U.S. Environmental Protection Agency (EPA). Heat Island Effect. Retrieved from: https://www.epa.gov/heatis-lands

၂။ World Health Organization (WHO). Heatwaves and Health: Guidance on Warning-System Development.

၃။ C40 Cities. Urban Cooling Network and Case Studies (Medellin, Paris, Melbourne).

၄။ Intergovernmental Panel on Climate Change (IPCC). Climate Change 2022: Impacts, Adaptation, and Vulnera-bility.

၅။ Ministry of the Environment, Govern-ment of Japan. Uchimizu (Water Sprinkling) for Heat Mitigation.

မူရင်းသတင်း — Myanmar Digital News