
မင်းဘူး နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ်၌ တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ဦးဆောင်ပြီး ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်မီးဖိုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကုန်းသာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက မိမိတို့ဦးစီးဌာနအနေဖြင့် ဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် သာယာလှပလာစေရန်၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်စေရန်နှင့် ဂေဟစနစ် မျှတကောင်းမွန်လာစေရန် နှစ်အလိုက်ဆောင်ရွက်နေမှု လုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထင်းအစားထိုး အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ ၂၁၈ ဦးအတွက် စွမ်းအားမြှင့်မီးဖိုများကို တာဝန်ရှိသူများက အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)