Myanmar Digital News

M-League II ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်ရပြီး ရွိုင်ရယ်ဒဂုံနှင့် VUE နေပြည်တော်အသင်း သရေကျ

ရန်ကုန်   နိုဝင်ဘာ   ၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ်(၅) ပထမနေ့ကို နိုဝင်ဘာ ၁၂ ရက်က ဆက်လက်ကျင်းပရာ ရခိုင်ယူနိုက်တက်အသင်း ငါးပွဲဆက်အနိုင်ရပြီး  ရွိုင်ရယ်ဒဂုံနှင့် VUE နေပြည်တော်အသင်းတို့ သရေကျခဲ့သည်။

ပဒုမ္မာကွင်း၌  ကျင်းပသည့်ပွဲတွင်  ရခိုင်ယူနိုက်တက်အသင်းက Enjoy Brother အသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ငါးပွဲဆက် အနိုင်ရလဒ်နှင့်အတူ  ရာနှုန်းပြည့် နိုင်ပွဲရယူနိုင်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည်  အသင်းသစ်ဖြစ်သော Enjoy Brother အသင်းကို  ခြေအသာဖြင့်    ကစားကာ    ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။   ရခိုင်ယူနိုက်တက်အသင်းအတွက်  ဂိုးများကို ၁၉၊ ၆၂၊ ၇၄၊ ၇၅ မိနစ်တွင် ထွန်းနိုင်စိုး၊ ၃၃ မိနစ်တွင် ညီညီထွန်း၊ ၅၃ မိနစ်တွင် ရဲထက်နိုင်၊ ၉၀+၃ မိနစ်တွင် စိုးဝဏ္ဏအောင်တို့က သွင်းယူပြီး Enjoy Brother အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၅+၂ မိနစ်တွင် အောင်ပြည့်စုံက သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို လေးဂိုးသွင်းယူခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းမှ ထွန်းနိုင်စိုးက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်းရရှိသည်။

တက္ကသိုလ်ကွင်း၌ကျင်းပသည့်ပွဲတွင် ရွိုင်ရယ်ဒဂုံအသင်းနှင့် VUE နေပြည်တော်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။ အဆင့် (၄) နေရာမှ ရွိုင်ရယ်ဒဂုံအသင်းနှင့် အဆင့် (၅) နေရာမှ VUE နေပြည်တော်အသင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ VUE နေပြည်တော်အသင်း ဦးဆောင်ဂိုးရသော်လည်း ဂိုးပြန်ပေးခဲ့ရပြီး ပထမပိုင်းတွင် သွင်းယူခဲ့သည့်ဂိုးများဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ VUE နေပြည်တော်အသင်းအတွက် ဦးဆောင်ဂိုးကို ၄ မိနစ်တွင်  မင်းမင်းသူက သွင်းယူပြီး ရွိုင်ရယ်ဒဂုံအသင်းအတွက် ချေပဂိုးကို ၂၆ မိနစ်တွင် ဖရန့်နိုဘီက သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို VUE နေပြည်တော်အသင်းမှ ဖြိုးကျော်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ် (၅) ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် တက္ကသိုလ်ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်အသင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။             

သတင်း-ကိုညီလေး

ဓာတ်ပုံ-ညီညီမင်း(ML)

မူရင်းသတင်း — Myanmar Digital News