Myanmar Digital News

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဧည့်ခံ၍ ဆုတံဆိပ်များရရှိခဲ့သည့် အောင်ပွဲရ ဝူရှူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်

ရန်ကုန်     နိုဝင်ဘာ     ၁၂

၂၀၂၆  ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်  ဝူရှူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား   ကြိုဆိုဧည့်ခံပွဲနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ကျန်းလီမြို့တွင်   ကျင်းပသည့် Free  Trade  Port  Cup  2026  Southeast Asian Youth Wushu  Invitational    Tournament ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ  ရရှိခဲ့သည့် အောင်ပွဲရ  ဝူရှူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့  ညနေပိုင်းက  ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ်  ကျိုက္ကဆံ အားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး  ဦးရဲမြင့်ထွန်းက ယနေ့အခမ်းအနားတွင် ဂုဏ်ပြုထိုက်သူများကို  ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် မျိုးဆက်သစ်လူငယ် ဝူရှူးအားကစားသမားများကို  နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများရှိသည်ကို မီးမောင်းထိုး ပြသပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ဝူရှူးအားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်၍ လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူစွာ  ကြိုဆိုပါကြောင်း၊ အာရှအားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စဉ်ဆက်မပြတ်  ဆုတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့သည့် မြန်မာ့ဝူရှူးအားကစားအဆင့်အတန်း  ယခုထက် ပိုမိုမြင့်မားလာအောင် တာဝန်ရှိသူများအားလုံး ပေါင်းစပ်၍ ရေတို၊ ရေရှည်စီမံချက်များရေးဆွဲပြီး အားကစားသမားများကလည်း    အားကြိုး မာန်တက်  ကြိုးစားဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက  ပြိုင်ပွဲတွင်  ဆုတံဆိပ်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့် အုပ်ချုပ်သူတစ်ဦး၊ နည်းပြတစ်ဦးနှင့်  အားကစားသမား တစ်ဦးတို့ကို ဂုဏ်ပြုဆုများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့်တာဝန်ရှိသူများက ဆုတံဆိပ်ရရှိသည့် အားကစားသမား သုံးဦးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပသည့် ၂ဝ၂၆  ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်   ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ    ဦးသစ်လင်းအုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်   ဧည့်သည်တော်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက  အဖွင့်အမှာစကားပြောကြားပြီး ၂ဝ၂၆    ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ပြိုင်ပွဲတွင်ပါဝင်ကူညီအားဖြည့်ပေးခဲ့သည့် အထက(၄) တာမွေမှ  ဘင်ခရာနှင့်   ပန်းဖွားအကအဖွဲ့တို့ကို     ဂုဏ်ပြုချီးမြှင့် ငွေကျပ်  ၁၀  သိန်း  ပေးအပ်ကာ ၂ဝ၂၆  ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ  ပထမနေ့ ပွဲစဉ်များအဖြစ်  ချန်းချွမ်း  အားကစားနည်းမှ    အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများကို  ကြည့်ရှုအားပေးသည်။

ထို့ပြင်     ရန်ကုန်တိုင်းဒေသကြီး  တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပသည့်   အသက် ၂၂ နှစ်အောက် (၁၄)  ခရိုင်ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင်  ယှဉ်ပြိုင် ကစားမည့် သန်လျင်ခရိုင်အသင်းနှင့် အင်းစိန်ခရိုင်အသင်းတို့မှ အားကစားသမားများနှင့်   တာဝန်ယူ ဆောင်ရွက်မည့် ဒိုင်လူကြီးများအား အင်အားဖြည့်အချိုရည်များပေးအပ်ပြီး  သန်လျင်ခရိုင်အသင်းနှင့်  အင်းစိန်ခရိုင်အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို    ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News