Eleven Media Group

■ တနင်္သာရီမြစ်အတွင်း လှေတစ်စီးမီးလောင်မှုဖြစ်ပွားကာ လှေသားတစ်ဦး ဒဏ်ရာရ

တနင်္သာရီမြစ်အတွင်း လှေတစ်စီးမီးလောင်မှုဖြစ်ပွားကာ လှေသားတစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကဏန်းကျွန်းအနီးတနင်္သာရီမြစ်အတွင်း၌ နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်ကလှေတစ်စင်းမီးလောင်မှုဖြစ်ပွားပြီး လှေသားတစ်ဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းအရ မြိတ်ခရိုင်မီးသတ်ဦးစီးမှူးဦးဇော်ဝင်း၊ဦးဆောင်၍စက်လှေ( ၃ )စီး၊အပေါ့စားစက်(၃)လုံးတင်ပြီးထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၀၇ မိနစ်အချိန်ခန့်တွင်မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါလှေမီးလောင်မှုကြောင့်လှေသား ဖြိုးမင်းဝေ၊(၃၀) နှစ်၊(ဘ)ဦးလှဝေတွင် နောက်ကျော၊ မျက်နှာ၊ ရင်ဘတ်၊ ၀ဲယာခြေထောက်တို့တွင် မီးလောင်အရေပြားလန်(မစိုးရိမ်)ဒဏ်ရာများရရှိသဖြင့် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသမှုပေးခဲ့ရကြောင်းသိရသည်။​

မီးလောင်ဖြစ်စဥ်ကိုစစ်ဆေးရာ လှေစက်နှိုးရာတွင်ဘက်ထရီရှော့ရိုက်၍ စက်နှိုးရာမှမီးပွားထွက်ပြီး လှေပေါ်တွင်ရှိနေသော ဆီငွေ့နှင့်ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်‌ကြောင်း၊ လှေမောင်းခန်းမှတစ်ဆင့်စက်ခန်းသို့ကူးစက်ရာမှမီးလောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာ၀န်ရှိသူများက ဥပဒေအရဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

■ ဓာတ်ပုံ၊ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ပရဟိတအသင်းများ

မူရင်းသတင်း — Eleven Media Group