ရောင်ဝါ
၁၃. ၁၁. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ လမ်းဘေးရှိ သံဘောင်တန်းအား ဝင်ရောက်တိုက်မိသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ဗိုလ်ဉာဏလမ်းထိပ်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပြည်လမ်းအတိုင်း လေဆိပ်မီးပွိုင့်မှ (၈)မိုင်မီးပွိုင့်ဘက်သို့ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဦးအောင်စစ်မိုး(၃၈)နှစ် မောင်းနှင်လာသော YGN-18 7K-XXXX TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ နံရံထိန်းသံဘောင်တန်းအား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့ကြောင့် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ အောင်စစ်မိုးအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။