
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပသည့် ပထမအကြိမ်ဘင်းမ်စတက်ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၆ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Hilton Hotel ၌ ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကိုလံဘိုမြို့ရှိ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက်ခဲ့သည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ရိုးရာဆီးမီးထွန်းညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေးဝန်ကြီး H.E ဒေါက်တာ နာလင်ဒါ ဂျာယာတီဆာနှင့် ဘင်းမ်စတက်အထွေထွေ အတွင်းရေးမှူးချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခု အစည်းအဝေးသည် ဘင်းမ်စတက်ဒေသတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ဒေသတွင်း ကျန်းမာရေးလုံခြုံမှုအတွက် အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်မာသောယန္တရားတစ်ခု ပေါ်ပေါက်လာရေး ရည်ရွယ်ကျင်းပခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါမှ ရရှိသည့် အတွေ့အကြုံများ၊ အရေးပေါ် အခြေအနေပေါ်ပေါက်လာမှ တုံ့ပြန်ဆောင်ရွက်ခြင်းထက် ကြိုတင်ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ခြင်းများကို အလေးပေး အကောင်အထည်ဖော်မည့် ဘင်းမ်စတက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၇-၂၀၃၀) ကိုလည်း ကြိုဆိုကြောင်း၊ လုပ်ငန်းအစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူ၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး ပူးပေါင်းဆောင်ရွက်သည့် “One Health Approach” အခြေခံ၍ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ အသုံးပြုရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်သတိပေးခြင်း အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ် နေသည့် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ပိုးသတ်ဆေးယဉ်ပါးမှုပြဿနာများကို ဦးစာပေး နယ်ပယ်များအဖြစ် သတ်မှတ်ဆောင်ရွက်ရေး၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြားရေး စသည့် ကိစ္စရပ်များကို အတူတကွ ယခင်ကထက် ပိုမိုအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အကြားနှင့် ဒေသတွင်းနည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အဆင့်မြင့်တင်ရန်၊ အတွေ့အကြုံ ကောင်းများ ဖလှယ်ရန်အတွက် သီရိလင်္ကာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးပညာဆိုင်ရာ၊ ထိုင်းနိုင်ငံ တွင် အပူပိုင်းဒေသဆေးပညာရပ်ဆိုင်ရာနှင့် အိန္ဒိယနိုင်ငံတွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စင်တာများ (Centers of Excellence) များ တည်ထောင်မည့်အစီအစဉ်၌လည်း မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင့်ဆင့်ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီများနှင့်အတူ သီရိလင်္ကာသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်အား သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ညပိုင်းတွင် အိမ်ရှင် သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့် ပြန်ကြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတက်ရောက်နေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် သီရိလင်္ကာနိုင်ငံ ကျန်းမာရေး၊ သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း ပထမအကြိမ် ဘင်းမ်စတက် ကျန်းမာရေးအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။