
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
ဆော်ဒီအာရေဗျက အီရန်ကျောထောက်နောက်ခံပြု ယီမင်ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဥရောပသမဂ္ဂ ( EU) ကို ဖိအားပေးနေပါတယ်။ ဒါပေမဲ့ ဒီလိုသတ်မှတ်လိုက်ရင် ယီမင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်တယ်ဆိုတဲ့ ဥရောပနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကြောင့် ဆော်ဒီရဲ့ တောင်းဆိုမှုက အခုထိ အောင်မြင်မှု မရသေးဘူးလို့ ဥရောပအရာရှိ ၆ ဦးက ပြောပါတယ်။
ဆော်ဒီဟာ ဟူသီအဖွဲ့အပေါ် နိုင်ငံတကာဖိအား ပိုတိုးလာအောင် ကြိုးပမ်းနေတာဖြစ်ပြီး ဟူသီအဖွဲ့ကလည်း စစ်ပွဲ ပြန်စပြီးနောက် မကြာသေးခင် ရက်သတ္တပတ်တွေမှာ ဆော်ဒီနိုင်ငံကို နေ့စဉ်နီးပါး တိုက်ခိုက်လာပါတယ်။
ဟူသီအဖွဲ့အပေါ် EU က လက်ရှိမှာ လက်နက်တင်ပို့မှု ပိတ်ပင်တာနဲ့ တပ်မှူး ၁၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် တာတွေ လုပ်ထားပါတယ်။ ဟူသီအဖွဲ့ရဲ့ အဓိကကျောထောက်နောက်ခံဖြစ်တဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် အိုင်အာဂျီစီ ( IRGC) ကိုတော့ EU က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ဟူသီ အဖွဲ့ကိုတော့ EU က အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ် သေးပါဘူး။ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါတို့ ကတော့ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ဟူသီအဖွဲ့က ယီမင်မြို့တော် ဆာနာကို သိမ်းပိုက်ပြီး နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို ဖယ်ရှားခဲ့ ပြီးနောက် ဆော်ဒီအာရေဗျဟာ အဲဒီအစိုးရဘက်ကနေ ဟူသီအဖွဲ့ကို တိုက်ခိုက်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ရှိပါပြီ။
ဥရောပနိုင်ငံတွေက ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ရင် လက်ရှိထိန်းသိမ်းထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားနိုင်ပြီး ယီမင်မှာ အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါ ဥရောပရဲ့ ပါဝင်နိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
EU ရဲ့ အကြမ်းဖက်အဖွဲ့စာရင်းထဲ ဟူသီအဖွဲ့ကို ထည့်ဖို့အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးရဲ့ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်ပါတယ်။ လက်ရှိမှာတော့ ထောက်ခံတဲ့နိုင်ငံ အနည်းငယ်ပဲ ရှိသေးတယ်လို့ အရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လမှာ ဥရောပပါလီမန်က ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ EU ကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အများအားဖြင့် သင်္ကေတ သဘောပဲ ဖြစ်ပါတယ်။
လန်ဒန်အခြေစိုက် Royal United Services Institute က အကြီးတန်းသုတေသီ ဂျိုအာနာ ဒီ ဒေးအုစ် ပီရဲရာ က ဥရောပနိုင်ငံတွေဟာ ဆော်ဒီနဲ့အတူ ရပ်တည်ကြောင်း ပြသချင်ပေမဲ့ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့တော့ လက်တွေ့အကျိုးသက်ရောက်မှု နည်းနိုင်တာကြောင့် တွန့်ဆုတ်နေကြတယ်လို့ ပြောပါတယ်။
ဟူသီအဖွဲ့က သတ်မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ယီမင်အနီး ဖြတ်သန်းသွားတဲ့ ဥရောပသင်္ဘောတွေကို တိုက်ခိုက် လာနိုင်တာနဲ့ ဟူသီထိန်းချုပ်နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင် တာတွေကိုလည်း ဥရောပနိုင်ငံတွေက စိုးရိမ်နေပါတယ်။
ဒါ့အပြင် EU ရဲ့ အကြမ်းဖက်အဖွဲ့ သတ်မှတ်ချက်ကို ပြန်လည်ဖယ်ရှားဖို့လည်း အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှု လိုအပ်တာကြောင့် တစ်ကြိမ်သတ်မှတ်ပြီးရင် ပြန်ဖယ်ရှားဖို့ အလွန်ခက်ခဲတယ်လို့ ဥရောပအရာရှိတွေက ပြောပါတယ်။
ယီမင်နိုင်ငံရဲ့ ကမ်းရိုးတန်းဟာ ပင်လယ်နီနဲ့ ဗာ့ဘ်အယ်လ်မန်ဒက်ရေလက်ကြားတစ်လျှောက် တည်ရှိပြီး ဥရောပနဲ့ အာရှကို ဆက်သွယ်ပေးတဲ့ အရေးကြီးတဲ့ ရေလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီနေရာမှာ ဟူသီတို က်ခိုက်မှုတွေ ဖြစ်လာ ရင် အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှုကြောင့် ထိခိုက်နေပြီး သား ကမ္ဘာ့ကုန်သွယ်ရေးကို ပိုမိုထိခိုက်စေနိုင် ပါတယ်။
ဆော်ဒီအာရေဗျဟာ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဟူသီအဖွဲ့ကို နှစ်ပေါင်းများစွာ စစ်ဆင်ရေးလုပ်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်မှာ ဟူသီအဖွဲ့နဲ့ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဟူသီအဖွဲ့က ဆာနာလေဆိပ်ကို ဆော်ဒီက ဗုံးကျဲ တိုက်ခိုက်ခဲ့ တယ်လို့ စွပ်စွဲပြီးနောက် အဲဒီအပစ်အခတ် ရပ်စဲရေးဟာ ဒီနှစ် ဇူလိုင်လမှာ ပျက်ပြယ်သွားခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက်စလုံးက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အရပ်သားတွေ သေဆုံး ဒဏ်ရာရမှု တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာလမှာ ဟူသီအဖွဲ့က ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ရှိ ဘုရင်ခါလစ် လေဆိပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာယာ ကာလတ်စ် က ဆော်ဒီနဲ့အတူ EU က ရပ်တည်ကြောင်း ပြောခဲ့ပါတယ်။
Ref – Reuters