
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃
တိုင်းရင်းသားလက်နက်ကိုင်အချို့သည် တရားမဝင်ကုန်သွယ်မှုမှ အခွန်နှင့်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှရရှိသည့် ငွေများဖြင့် ရပ်တည်နေရာ မြန်မာ-ထိုင်း (၂) နိုင်ငံ ပူးပေါင်းဖြေရှင်းရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်-၂၄၊ ကာကွယ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် လာရောက်တွေ့ဆုံသည့်အပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့်ပတ်သက်ပြီး တရားဝင်လမ်းကြောင်းဖြင့်သာ နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ရပ်တည်မှုသည် တရားမဝင်ကုန်သွယ်မှုများအပေါ် အခွန်ကောက်ခံခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများမှ ရရှိသည့်ဝင်ငွေများဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရန် နှစ်နိုင်ငံပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် ကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ကလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကိစ္စများအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လမ်းကြောင်းဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် မြန်မာနိုင်ငံအား ငြိမ်းချမ်းပြီး ပိုမိုတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ဆိုသည်။
အွန်လိုင်းလိမ်လည်မှုသည် တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ကိစ္စဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။