
ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိသည် လွန်ခဲ့သောနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ လာမည့်သီတင်းပတ်တွင်သွားမည်ဖြစ်ပြီး ရှန်ကျန်းတွင်ကျင်းပသည့် အေပက်ထိပ်သီးကို တက်မည်ဟု ဂျပန်အစိုးရက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်က ၎င်း၏ပိုင်နက်ဟုပြောနေသော တရုတ်(တိုင်ပေ)ခေါ်ထိုင်ဝမ်ကို တိုက်ခိုက်မှုမှန်သမျှတွင် ဂျပန်က ကြားဝင်ဖွယ်ရှိသည်ဟု ၂၀၂၅ ခုနှစ်နိုဝင်ဘာလထဲတွင် တာကာအိချိက ပြောကြားခဲ့ပြီးနောက် ပြိုင်ဘက်နှစ်နိုင်ငံ အထူးသဖြင့် ဆက်ဆံရေးများ အဆင်မပြေဖြစ်နေချိန်တွင် ဂျပန်ဝန်ကြီးချုပ်၏တရုတ်ပြည်ခရီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"ဝန်ကြီးချုပ် တာကာအိချိဟာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေ ကို တက်ဖို့နဲ့ အေပက်ထိပ်သီးကို တက်ဖို့ ဖိလစ်ပိုင်နဲ့တရုတ်တို့ကို သွားဖို့စီစဉ်ထားပါတယ် "ဟု ဂျပန်အစိုးရ အဖွဲ့၏ဒုတိယအတွင်းဝန် မာဆာနာအိုအိုဇာကီက ပြောကြားသည်။
ယခုခရီးသည် လွန်ခဲ့သောနှစ် အောက်တိုဘာတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချိသည် ပထမဆုံးအကြိမ် တရုတ်သို့သွားမည့် ခရီးဖြစ်လာမည်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်သည် အေပက်အစည်းအဝေးတွင် ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း စီးပွားရေးဆိုင်ရာ ပေါင်းစည်းမှု၊ စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ ခံနိုင်ရည်ရှိမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစသော ကိစ္စများကို ဆွေးနွေးမည်ဖြစ်ပြီး ယင်းကိစ္စများနှင့်ပတ်သက်၍ ဂျပန်၏သဘောထားရပ်တည်ချက်ကို တင်ပြမည်ဟု အိုဇာကီက ပြောကြားခဲ့သည်။
သို့သော်လည်း ဂျပန်ဝန်ကြီးချုပ်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့၏အပြန်အလှန်ဆက်ဆံရေးကို အားလုံးက စောင့်ကြည့်နေကြမည်ဖြစ်သော်လည်း သူတို့နှစ်ဦး တွေ့ဆုံမှုသည် ဖြစ်နိုင်ဖွယ်ရာမရှိဟု သုံးသပ်မှုများ ရှိနေသည်။
Ref:AFP