Eleven Media Group

■ ရုရှားနှင့် ရှေ့ဆက်ဆွေးနွေးမည့် လုပ်ငန်းစဉ်များ၌ ဥရောပနိုင်ငံများ ပါဝင်လာမည်ဟု အမေရိကန်နှင့် ယူကရိန်း အတည်ပြု

ဥရောပသည် ရုရှားနှင့် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ပါဝင်လာလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးနှင့် အမေရိကန်သံတမန်ဂျာရတ်ကူရှ်နာတို့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ရုရှားသမ္မတဗလာဒီမာပူတင်က ငါးနှစ်နီးပါးရှိလာပြီဖြစ်သော စစ်ပွဲအဆုံးသတ်ရေးအတွက် ၎င်း၏သဘောထားတင်းမာသော တောင်းဆိုချက်များကို အလျှော့ပေးမည်မဟုတ်ဟု ပြောကြားချိန်တွင် ရုရှားနှင့်ပြု လုပ်မည့် ဆွေးနွေးပွဲများတွင် ဥရောပ ပါဝင်လာမည်ဟု ဇယ်လန်းစကီးနှင့် ကူရှ်နာတို့က ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

အဘူဒါဘီဆွေးနွေးပွဲအပြီး ကူရှ်နာနှင့် အမေရိကန်သံတမန်တစ်ဦးဖြစ်သော စတိဗ်ဝစ်ကော့ဗ်တို့သည် ကရင်မလင်တွင် ပူတင်နှင့် လေးနာရီကျော် တွေ့ဆုံခဲ့ကြသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ဒဗ္ဗလင်ကို ရောက်နေသောဇယ်လန်းစကီးထံ ဆွေးနွေးထားသည်များကို ပြောပြခဲ့ကြသည်။

အိုင်ယာလန်နိုင်ငံရှိ စစ်ဘက်လေတပ်အခြေစိုက်စခန်းတွင် သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာ၌ အမေရိကန်သမ္မတ၏ ကိုယ်စားလှယ်များဖြစ်သော ကူရှ်နာနှင့် ဝစ်ကော့ဗ်၊ သမ္မတဇယ်လန်းစကီးတို့ အမွှမ်း တင်ပြောခဲ့သော အဓိကတိုးတက်မှုအကြောင်းအရာမှာ နောင်လာမည့် ဆွေးနွေးပွဲများတွင် ဥရောပစေ့စပ်ဆွေးနွေးသူများ ပါဝင်လာမည်ဆိုခြင်းပင်ဖြစ်သည်။

ဥရောပသားတို့သည် အဘူဒါဘီဆွေးနွေးပွဲတုန်းကလို ဘေးတွင် သီးခြားနေမည်မဟုတ်တော့ဘဲ နောင်လာမည့် ဆွေးနွေးပွဲများတွင် ပါဝင်လာတော့မည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

နောင်လာမည့် ဆွေးနွေးပွဲများတွင် မိမိတို့၏ဥရောပမိတ်ဖက်များ ပါဝင်လာမည်ကို ယခုအခါ နှစ်ဘက်စလုံး က သဘောတူခဲ့ကြသည်ဟု ကူရှ်နာက X တွင် ပို့စ်တင်ခဲ့သည်။

ထင်သာမြင်သာရှိသည့် ကွဲပြားခြားနားမှုများရှိနေသည်ဆိုသော်လည်း မိမိတို့သည် ရရှိခဲ့သောတိုးတက်မှုကို အားရကြောင်းကူရှ်နာက ပို့စ်တွင် ဆက်လက်ဖော်ပြထား သည်။

သို့သော်လည်း နောင်ဆွေးနွေးပွဲများတွင်ဥရောပကိုယ်စားလှယ်များ ပါဝင်လာမည်ဆိုခြင်းကို သမ္မတပူတင်က အတည်မပြုဟု ကရင်မလင်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group