ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄
ကမ္ဘာ့ AI နည်းပညာနှင့် ချစ်ပ်ပြားဈေးကွက်ကို ဦးဆောင်နေသည့် Nvidia (NASDAQ: NVDA) ကုမ္ပဏီသည် ရာထူးမှ နုတ်ထွက်သွားသည့်နေရာတွင်ကိုလက်တ် ခရက်စ်ကို ယာယီအစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
Nvidia ကုမ္ပဏီကို ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဂျန်ဆန်ဟွမ်သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ CEO နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ရာထူးအားလုံးမှနုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း Nvidia ဒါရိုက်တာဘုတ်အဖွဲ့က နိုဝင်ဘာ (၁၂) ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
ကုမ္ပဏီကို (၃၃) နှစ်ကြာ ဦးဆောင်ခဲ့ပြီး AI ခေတ်၏ အထင်ကရ ပုံရိပ်တစ်ခုဖြစ်ခဲ့သည့် ဂျန်ဆန်ဟွမ်၏ နုတ်ထွက်မှု သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရှုပ်တော်ပုံများနှင့် နိုင်ငံခြားထောက်လှမ်းရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ဆက်တိုက် ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Nvidia ဒါရိုက်တာဘုတ်အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းက ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အမှုဆောင်ဒုတိယဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးအရာရှိချုပ် (CFO) ကိုလက်တ်ခရက်စ် အား အမြဲတမ်း CEO အသစ် ရှာဖွေနေစဉ်ကာလအတွင်း ယာယီ CEO အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ထိုအပြင် ၁၉၉၃ ခုနှစ်ကတည်းက Nvidia ၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ ဟာဗေးစီဂျုံးစ်အား ကုမ္ပဏီသမိုင်း တစ်လျှောက်ပထမဆုံးသောဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ကုမ္ပဏီ၏ နေ့စဉ် လုပ်ငန်းဆောင်တာများ၊ ဖောက်သည်များနှင့်ထားရှိသည့် ကတိကဝတ်များ၊ထုတ်ကုန်သစ် စီမံကိန်းများသည် အနှောင့်အယှက်မရှိ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ပြီး ၂၀၂၇ ဘဏ္ဍာနှစ် တတိယသုံးလပတ် ဝင်ငွေအစီရင်ခံစာ ကိုလည်း မူလစီစဉ်ထားသည့်အတိုင်း နိုဝင်ဘာလ (၁၇) ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Nvidia ဒါရိုက်တာဘုတ်အဖွဲ့က ဆိုသည်။
ယာယီ CEO ကိုလက်တ် ခရက်စ်က"Nvidia ရဲ့အင်အားဟာ ဝန်ထမ်းတွေဆီကနေ အမြဲတမ်း ပေါက်ဖွားလာတာပါ။ ကျွန်မတို့ရဲ့ခေါင်းဆောင်မှုအဖွဲ့နဲ့အတူ ပြီးခဲ့တဲ့ (၃၃) နှစ်တာအတွင်း ဂျန်ဆန်တည်ဆောက်ခဲ့တဲ့ခိုင်မာတဲ့ အုတ်မြစ် ပေါ်မှာ ဆက်လက်တည်ဆောက်သွားဖို့ ကတိပြုပါတယ်။ Accelerated Computing နဲ့ AI နယ်ပယ်မှာ ဦးဆောင်နိုင်မှုကိုဆက်လက်မြှင့်တင်ပြီး ဖောက်သည်တွေ၊ မိတ်ဖက်တွေနဲ့ အစုရှယ်ယာရှင်တွေအတွက် အကောင်းဆုံးအကောင်အထည်ဖော်သွားပါမယ်" ဟု ယာယီ CEO ကိုလက်တ် ခရက်စ်က ပြောကြားခဲ့သည်။
Nvidia ကုမ္မဏီကိုတည်ထောင်ခဲ့သူဂျန်ဆန်ဟွမ်၏ ရာထူးမှ ထွက်ခွာမှုသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သည့် အကျပ်အတည်းများ၏ အကျိုးဆက်ဖြစ်သည်။
နိုဝင်ဘာ (၈) ရက်တွင် ဂျန်ဆန်ဟွမ်သည် တရုတ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်မှုရှိသည်ဟု သံသယရှိခံရသူ တရုတ်စီးပွားရေးလုပ်ငန်းရှင် အဲလစ်စ်ဟွမ်နှင့် အိမ်ထောင်ရေးဖောက်ပြန်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း သတင်း များ ထွက်ပေါ်လာခဲ့ပြီးနောက် Nvidia ဘုတ်အဖွဲ့က လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရဘက်က သူလျှိုလုပ်မှု စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း အမေရိကန် FBI ကပါ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ နိုဝင်ဘာ (၁၀) ရက်တွင် Nvidia ဘုတ်အဖွဲ့သည် စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရန် နယူးယောက်တောင်ပိုင်းခရိုင် အစိုးရရှေ့နေဟောင်း ဂျွန် အိတ်ချ် ကင်မ်နှင့် နာမည်ကြီး Wachtell, Lipton, Rosen & Katz ဥပဒေအကျိုးဆောင်အဖွဲ့တို့ကို တရားဝင် ငှားရမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၁) ရက်တွင် The New York Times သတင်းစာက ဂျန်ဆန်ဟွမ်သည် ၎င်း၏ လက်အောက်တွင် တိုက်ရိုက်တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ Nvidia ကျန်းမာရေး စောင့်ရှောက်မှုဌာန ဒုတိယဥက္ကဋ္ဌ ကင်မ်ဘာလီပါဝဲလ်နှင့်ပါ ထပ်မံဖောက်ပြန်ခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့သည်။ အဆိုပါသတင်းထွက်ပေါ်ပြီးနောက် Nvidia ရှယ်ယာဈေးနှုန်း (၈) ရာခိုင်နှုန်းခန့် ထိုးဆင်းသွားခဲ့ပြီး ဘုတ်အဖွဲ့အနေဖြင့် ခေါင်းဆောင်ပိုင်းကို အမြန်ဆုံးအပြောင်းအလဲပြုလုပ်ရန် ဖိအားများ ပြင်းထန်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။