Kanbawza Tai News

ကြက်သွန်နီဈေး ၃၀၀၀ နီးပါးတက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း စားသုံးသူဈေးကွက်တွင် ရက်သတ္တပတ် တစ်ပတ်အတွင်း ကြက်သွန်နီဈေး တစ်ပိဿာ ၃၀၀၀ ကျပ် နီးပါး ဈေးတက်လာပြီး ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ နီးပါး ဈေးရှိနေကြောင်း သိရသည်။

ကြက်သွန်နီ ပွဲရုံ ဈေးကွက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အလုံးကြီး တစ်ပိဿာလျှင် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၂ ရက်မှ စတင်၍ ၃၀၀၀ ကျပ်ဝန်းကျင် ဈေးတက်လာခြင်းဖြစ်ပြီး အလုံးလတ် တစ်ပိဿာလျှင် ၁၆၀၀၀ နှင့် အလုံးငယ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

“ကြက်သွန်နီ ဆိုတာက ဟင်းချက်ရင် မထည့်လို့မှမရတာ။ ဈေးတက်လည်း ဝယ်ရတာပဲပေ့ါ။ ဟင်းချက်တဲ့နေရာ မှာတော့ အရင်က ၂ လုံးထည့်ရင် အခု ၁ လုံးပဲ ထည့်နိုင်တော့တာပါ။ အရင်က အလုံးကြီးတဲ့သူဆိုရင်လည်း အခု အလုံးလတ်၊ အလုံးငယ်တွေ ရွေးဝယ်နေရတာပဲ” ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးမှုနည်းပါးပြီး အိမ်စားသုံးရန်အတွက်သာ အများစု စိုက်ပျိုးကြသဖြင့် ဒေသတွင်းဈေးကွက်အတွက် မိတ္ထီလာနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဝင်ရောက်လာသည့် ကြက်သွန်နီများကို အဓိကအားထားနေရကြောင်း သိရသည်။

“ကြက်သွန်ဈေးတက်တာက မြန်မာပြည်အောက်ပိုင်းတို့ မိတ္ထီလာတို့မှာ ဈေးတက်လာရင် ဒီဘက်ကလည်း မြင့်တက် ရတာပဲ။ ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာက သိပ်မထွက်ဘူး။ အိမ်စားဖို့အတွက်ပဲ စိုက်ကြတယ်၊ စီးပွားဖြစ် မစိုက်ကြဘူး။ ဒါကြောင့် အောက်ပြည်ဘက်က ဈေးတက်ရင် ရှမ်းပြည်ဘက်လည်း တက်ရတာပဲ” ဟု ကြက်သွန်နီ ရောင်းချနေသူတစ်ဦးက ပြောသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ကြက်သွန်နီစိုက်ခင်းအချို့ ပျက်စီးခဲ့ခြင်းနှင့် အသစ်ထွက်ရှိမည့် ကြက်သွန်နီများ မိုးမိပျက်စီးခဲ့ခြင်းတို့ကလည်း ဈေးကွက်အတွင်း ကြက်သွန်နီအဝင်နည်းနေလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News