
ရန်ကုန် နိုဝင်ဘာ ၁၃
အာရှဘောလုံးအဖွဲ့ချုပ်(AFC) က ထုတ်ပြန်ခဲ့သည့် Women's Club Competition MA Ranking တွင် မြန်မာနိုင်ငံသည် ၂၀၂၆-၂၇ ရာသီ၌ စုစုပေါင်းရမှတ် ၃၉.၄၆ မှတ်ဖြင့် အဆင့်(၁၁)သို့ တက်ရောက်လာခဲ့ပြီး ယခင်ရာသီကထက် နှစ်ဆင့် မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်သတ်မှတ်ချက်တွင် ဩစတြေးလျက ထိပ်ဆုံး၌ ရပ်တည်နေပြီး ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်နှင့် တောင်ကိုရီးယားတို့က အစဉ်လိုက် ရပ်တည်နေကြသည်။ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ဗီယက်နမ် (အဆင့် ၆) နှင့် ဖိလစ်ပိုင် (အဆင့် ၈) တို့နောက် တတိယမြောက် အဆင့်အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ MA Ranking ကို ကလပ်အသင်းများ၏ Club Points (၇၀ ရာခိုင်နှုန်း) နှင့် လက်ရွေးစင်အသင်း၏ FIFA Ranking (၃၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်တွက်ချက်ထားခြင်းဖြစ်ပြီး လာမည့် ၂၀၂၇-၂၈ ရာသီ AFC Women's Champions League ဝင်ခွင့်နေရာများ သတ်မှတ်ရာတွင် အဓိက အရေးပါမည်ဖြစ်သည်။
ထို့ပြင် ၂၀၂၆-၂၇ ရာသီ Single Season အဆင့်သတ်မှတ်ချက်များတွင် မြန်မာနိုင်ငံက အဆင့် (၈)နှင့် ခြေစစ်ပွဲသုံးပွဲစလုံးအနိုင်ရကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် Ayeyawady FC အမျိုးသမီးအသင်းက ကလပ်အသင်းလိုက် Single Season တွင် အဆင့် (၉) နေရာတို့၌ အသီးသီး ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
နေမျိုး၊ ဓာတ်ပုံ-MWL