
ရန်ကုန် နိုဝင်ဘာ ၁၃
M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၂၄) ပထမနေ့ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်အသင်း အနိုင်ရရှိခဲ့သည်။
ဗဟန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် စိုးမင်းခန့်နှင့် ၆၁ မိနစ်တွင် ပိုင်သက်ဦး(ပင်နယ်တီ)တို့က သွင်းယူပေးခဲ့သည်။ ဧရာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၂ မိနစ်တွင် ကောင်းမြတ်စံက သွင်းယူပေးခဲ့သည်။
YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဒဂုံစတားယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၆ မိနစ်တွင် ညီနိုင်က သွင်းယူခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် လက်ရှိ အဆင့်(၂)နေရာ၌ ရပ်တည်လျက်ရှိပြီး ယခုရာသီပွဲစဉ်များအပြီးတွင် အနိမ့်ဆုံး တတိယနေရာရရှိမည်ဖြစ်သည်။
အပတ်စဉ်(၂၃) နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် သီဟဒီပကွင်း၌ FALCON အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-ML