သက်တံ့
၁၄. ၁၁. ၂၀၂၆
အမေရိကန် ပြည်ထောင်စုလေကြောင်းဦးစီးဌာန (FAA) သည် နိုဝင်ဘာ ၁၃ ရက် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီခန့် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခွဲခန့်) တွင် ထူးခြားဖြစ်စဉ်များနှင့် ဘေးကင်းလုံခြုံရေး အကြောင်းပြချက်များကြောင့်ဟုဆိုကာ နိုင်ငံတစ်ဝန်း လေယာဉ်ထွက်ခွာခွင့် ပိတ်ပင်မှု (Ground Stop) ကို ရှားရှားပါးပါး ထုတ်ပြန်ခဲ့သည်။
အဆိုပါပြဿနာသည် အမြင့်ပေများ၌ ပျံသန်းနေသော လေယာဉ်များကို လမ်းညွှန်ပေးသည့် နိုင်ငံတစ်ဝန်းရှိ လေကြောင်းလမ်းကြောင်း ထိန်းချုပ်ရေးစင်တာ (Air Route Traffic Control Centers) အားလုံး၏ ဆက်သွယ်ရေးစနစ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီ (Sean Duffy) က ပြောကြားသည်။

ဝေဟင်သို့ ရောက်ရှိနေပြီးသား လေယာဉ်များကို ဆင်းသက်ခွင့်ပြုခဲ့သော်လည်း မြေပြင်ပေါ်ရှိ လေယာဉ်များကိုမူ နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ပျံသန်းထွက်ခွာခွင့် မပြုခဲ့ပေ။ အမေရိကန်သို့ ဦးတည်ပျံသန်းလာသည့် နိုင်ငံတကာ လေယာဉ်ခရီးစဉ်များကိုမူ အခြေအနေတစ်ခုချင်းစီအလိုက် စီမံဆောင်ရွက်ခဲ့ရသည်။
ယခုဆက်သွယ်ရေးပြတ်တောက်မှုသည် မည်သည့်ခြိမ်းခြောက်မှု သို့မဟုတ် တိုက်ခိုက်မှုနှင့်မျှ ဆက်စပ်မှုမရှိကြောင်းနှင့် အခြားနိုင်ငံများ၏ လေကြောင်းစနစ်များအပေါ်တွင်လည်း သက်ရောက်မှုရှိပုံ မပေါ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် (Markwayne Mullin) က ပြောကြားသည်။
တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လေကြောင်းထိန်းချုပ်ရေးစနစ်ကို ချိတ်ဆက်ထားသည့် ကွန်ရက်တွင် ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်မှု (Software update) ပြုလုပ်ရာမှ စနစ်ပြန်လည်စတင်ခြင်း (Reboot) နှင့် ပျက်ယွင်းခြင်း (Crash) တို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အများအပြားက CBS News သို့ ပြောကြားထားသည်။
လေကြောင်းခရီးစဉ် ခြေရာခံဝက်ဘ်ဆိုက် FlightAware ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာတွင် လေယာဉ်ခရီးစဉ်ပေါင်း ၇,၀၀၀ နီးပါး နှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းခံခဲ့ရကြောင်း သိရသည်။
ဤဖြစ်ရပ်သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လေယာဉ်ထွက်ခွာခွင့် ပိတ်ပင်ရသည့် ဒုတိယအကြိမ်မြောက် ဖြစ်စဉ်ဖြစ်သည်။ စက်တင်ဘာ ၁၁ နောက်ပိုင်း ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက လေယာဉ်မှူးများအတွက် အရေးကြီးသတိပေးစနစ် ပျက်ယွင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံတစ်ဝန်း ပိတ်ပင်ခဲ့ဖူးသည်။
နာရီပေါင်းများစွာကြာ ရပ်ဆိုင်းထားမှုကြောင့် နိုင်ငံတစ်ဝန်း လေကြောင်းခရီးသွားလာမှုများ ကမောက်ကမ ဖြစ်ခဲ့ရပြီးနောက် ထိုင်းစံတော်ချိန် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် (မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်) တွင် လေယာဉ်ထွက်ခွာခွင့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Thaiger က ဖော်ပြထားသည်။
Ref: The Thaiger
