NP News

ဗြိတိန်ဟာသပညာရှင် ရက်ဆဲလ်ဘရန်းဒ်ကို အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတို့အတွက်

Pika (NP News) - နိုဝင်ဘာ ၁၄

ဗြိတိန်ဟာသပညာရှင်တစ်ဦးဖြစ်သည့် ရက်ဆဲလ်ဘရန်းဒ်သည် အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများစွာကျူးလွန်မှုအတွက် ထောင်ဒဏ်(၁၀)နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် တရားသူကြီးက ရက်ဆဲလ်ဘရန်းဒ်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်သူအဖြစ် ဖော်ပြပြောဆိုခဲ့ပြီး ၎င်း၏ကျော်ကြားမှုများက ၎င်းကိုအကာ အကွယ်ပေးထားခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

အသက်(၅၁)နှစ်အရွယ် ရက်ဆဲလ် ဘရန်းဒ်သည် မောက်မာရိုင်းစိုင်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံ ရသူများ အပေါ် အထင်အမြင်သေးမှုများ ကိုပြသခဲ့သည်ဟု တရားသူကြီးဂျိုအယ်ဘန်နက်သန်က‌ ပြောကြားနေချိန်တွင်ပင် ရက်ဆဲလ်ဘရန်းဒ်က စိတ်မကောင်းဖြစ်ကာနောင်တရနေသည့် ခံစားချက်မျိုးကို ပြသခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ဂျိုအယ်ဘန်နက်သန်က ‘လွန်ခဲ့တဲ့နှစ်(၂၀)လောက် တုန်းက ရက်ဆဲလ်ဘရန်းဒ်က စတင်ပြီးကျော်ကြား လာခဲ့ပါတယ်။ လူအများအမြင်မှာတော့ သူက ဟာသဉာဏ်ရွှင်ပြီး ဉာဏ်ကောင်းတဲ့လူဖြစ်နေခဲ့ပေမယ့် တစ်ဖက်မှာ လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်သူတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်’ ဟု ပြောခဲ့သည်။

ရက်ဆဲလ်ဘရန်းဒ်၏ လူနေမှုအဆင့်အ တန်းနှင့်ကျော်ကြားမှုက ၎င်းကို အကာအကွယ်ပေး ထားခဲ့သော်လည်း (၂၀၂၃)ခုနှစ်တွင် Sunday Times ၊ The Times နှင့် Channel 4 Dispatches အစီအစဉ်တို့မှသတင်းထောက်များက ၎င်း၏ လုပ်ရပ်များကိုထုတ်ဖော်လိုက်သည့်အချိန်တွင် အခြေအနေ များမှာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် အမျိုးသမီး အများအပြားထွက်ပေါ်လာခဲ့ပြီး ရက်ဆဲလ်ဘရန်းဒ်၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ရဲတပ်ဖွဲ့ထံ တိုင် ကြားမှုများ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဂျိုအယ်ဘန်နက်သန်က ယင်းအမျိုးသမီးများ၏ စိတ်ပိုင်းဖြတ်မှုနှင့် ရဲစွမ်းသတ္တိများကို ချီးကျူးခဲ့ပြီး ရက်ဆဲလ် ဘရန်းဒ်က လူကောင်းများလိုက်နာကျင့်သုံးရမည့်စည်းမျဉ်းစည်းကမ်းများကို ဂရုစိုက်ခြင်းမျိုးမရှိဘဲ ၎င်းစိတ်တိုင်းကျ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်းပြောကြားခဲ့သည်။
လန်ဒန်မြို့ရှိ Southwark Crown တရားရုံးတွင် ရက်ဆဲလ်ဘရန်းဒ်ကို ရုံးတင်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ထောင်ဒဏ် (၁၀)နှစ် နှင့်(၆)လပြစ်ဒဏ်ကို ဂျိုအယ်ဘန်နက်သန်က စီရင် ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — NP News