Myanmar Digital News

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း

ရန်ကုန် နိုဝင်ဘာ ၁၃

 

အားကစားရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ပြီး (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိစေရေးအတွက် နေပြည်တော်တွင် ပြေးခုန်ပစ်၊ ပန်ကြပ်ဆီလတ်၊ မြားပစ်၊ လက်ဝှေ့၊ ခြင်းလုံး၊ ဂျူဒို၊ ပီတန်း၊ ပိုက်ကျော်ခြင်းနှင့် တိုက်ကွမ်ဒို အားကစားနည်းများကိုလည်းကောင်း၊ ရန်ကုန်မြို့တွင် ဘိလိယက်နှင့် စနူကာ၊ ကရာတေး၊ သေနတ်ပစ်၊ တက်ဂ်ဘော၊ အလေးမ၊ ဝူရှူး၊ ကြက်တောင်၊ ခရစ်ကတ်၊ ကျွမ်းဘား၊ ဘော်လီဘော(ကျား)အသင်းနှင့် ဟော်ကီအားကစား နည်းများကိုလည်းကောင်း စခန်းဝင်၍ စနစ်တကျ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိစေရေးအတွက် (နေပြည်တော်နှင့် ရန်ကုန် မြို့)တို့တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း က ၂၀၂၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိနိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ခိုင်မှုကိုပြသ နိုင်သည့် အကောင်းဆုံး စွမ်းအားတစ်ခုဖြစ်၍ နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ လက်တွဲကြိုးပမ်းသွားရန် လိုအပ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ်များ အချင်းချင်း အတွေ့အကြုံကောင်းများ ဖလှယ်ခြင်း၊ အပြန်အလှန် အမှီသဟဲ ပြုခြင်းနှင့် ညီညွတ်စွာ လက်တွဲဆောင်ရွက်ခြင်းတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် Event အမျိုးအစားများ၊ အားကစား သမားအင်အားစာရင်းနှင့် ဆုတံဆိပ်ရရှိနိုင်မှု အခြေအနေများ၊ ဒိုင်ဂျူရီ တာဝန်ထမ်းဆောင်မှုများ၊ နေထိုင်စားသောက်မှု၊ လေ့ကျင့်မှု၊ ပြိုင်ပွဲသုံးအား ကစားပစ္စည်းများ ရရှိမှု အခြေအနေများ၊ နည်းပြများ ငှားရမ်းနိုင်ရေး ကိစ္စရပ်များ၊ G to G အစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ Joint Training ပူးတွဲ သွားရောက် လေ့ကျင့်နိုင်ရေး ကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ ဖိတ်ခေါ်ပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရေးနှင့် သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက တင်ပြ ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပလျက်ရှိသည့် ‘၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲ’ အမျိုးသား/ အမျိုးသမီး ထိုက်ကျိကျန်ပြိုင်ပွဲ ပွဲစဉ်နှင့် ဆန်းဆိုပြိုင်ပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News