
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၄
မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပြပွဲ (၂၀၂၆) သည် ကချင်ပြည်နယ်မှ ထုတ်ကုန်များကို ခင်းကျင်းပြသနိုင်မည့်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပြောကြားခဲ့သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အဆိုပါပြပွဲ၌ ကချင်ပြည်နယ်မှ ဒေသထွက်ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်က ကျောက်မျက်လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းရှင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပြပွဲသည် ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ဒေသထုတ်ကုန်များကို ခင်းကျင်းပြသနိုင်မည့် အခွင့်အရေးဖြစ်ပြီး ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခွင့်အလမ်းများနှင့် သတင်းအချက်အလက်များကိုလည်း မိတ်ဆက်မျှဝေနိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ဦးချန်တန်ခင်က ပြောကြားခဲ့သည်။
ထို့ကြောင့် ကချင်ပြည်နယ်မှ ဒေသထွက်ကုန်များ ပါဝင်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သက်ဆိုင် သူများအနေဖြင့် အကြံပြုဆွေးနွေးပေးကြရန် ဦးချန်တန်ခင်က ဆိုသည်။
ပြပွဲတွင် ခင်းကျင်းပြသမည့် ဒေသထွက်ကုန်ပစ္စည်းအမျိုးအစားများကို ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျရွေးချယ်ရေး၊ ပြခန်းများကို ခမ်းနားသပ်ရပ်စွာ ပြင်ဆင်ခင်းကျင်းပြသနိုင်ရေးလည်း ဦးချန်တန်ခင် ပြောကြားခဲ့ကြောင်း သိရသည်။