
Pika (NP News) - နိုဝင်ဘာ ၁၄
အရှေ့တောင်အာရှနိုင်ငံများနှင့် ကာကွယ် ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် တံခါးဖွင့်ထားမည်ဟု ဂျပန်အစိုးရက ကတိပြု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်နက်တင်ပို့မှုအပေါ် နှစ်ပေါင်းများစွာချမှတ်ထားသည့် ပိတ်ပင်ကန့် သတ်မှုများကိုဖြေလျှော့လိုက်ခြင်းက ဒေသတွင်းတွင် လက်နက်ပြိုင်ဆိုင်မှုများကိုဖြစ်ပေါ်စေနိုင်သည်ဆိုသည့် စိုးရိမ် ပူပန်မှုများရှိနေသည့်အချိန်တွင် ဂျပန်အစိုးရ၏ ကတိပြုပြောဆိုမှုများထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလတွင် ဂျပန်အစိုးရက နိုင်ငံရပ်ခြားသို့လက်နက်ရောင်းချမှုဆိုင်ရာစဉ်းမျဉ်းများကို ပြင်ဆင် ပြောင်းလဲလိုက်ကြောင်းကြေညာခဲ့ပြီး အဆိုပါပြောင်းလဲမှုကြောင့် စစ်သင်္ဘောများ၊ ဒုံးကျည်များနှင့် အခြားစစ်ဘက် ဆိုင်ရာပစ္စည်းကိရိယာများ ကိုတင်ပို့ရောင်းချနိုင်မည့်လမ်းစလည်း ပွင့်လာခဲ့ သည်။
အာဆီယံအဖွဲ့ဆိုင်ရာ ဂျပန်သံအမတ်ကြီး ကိုဂျိယွန်းအိတနိက ဒေသတွင်းလုံခြုံရေးနှင့်ပတ်သက်ပြီး ဂျပန် နိုင်ငံ၏ချဉ်းကပ်ပုံမှာ ယခင်တည်းက ကျင့်သုံးလာခဲ့သည့်မူဝါဒများအပေါ်တွင်သာ ဆက်လက်အခြေခံထားကြောင်း ပြောကြားခဲ့သည်။
ကိုဂျိယွန်းအိတနိက "စစ်ပွဲပြီးနောက်ပိုင်း ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးတဲ့နိုင်ငံအဖြစ် လျှောက် လှမ်းလာခဲ့တဲ့ဂျပန် နိုင်ငံရဲ့လမ်းကြောင်းက လုံးဝမပြောင်းလဲသေးပါဘူး။ ဥပဒေစိုးမိုးရေးပွင့်လင်းမြင် သာမှုနဲ့အချုပ်အခြာအာဏာကို လေးစားလိုက်နာရေး တို့အပေါ် ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ကတိဝတ်က ဒီနေ့အထိ မပြောင်းလဲဘဲရှိနေပါတယ်" ဟု ပြောဆိုခဲ့သည်။
အဖွဲ့ဝင်နိုင်ငံ(၁၁)နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့သည် ယခုနှစ်အတွက် နောက်ဆုံးအကြိမ် ခေါင်းဆောင် များအစည်းအဝေးကို လာမည့်နိုဝင် ဘာလ(၁၅)ရက်တွင် မနီလာမြို့၌ စတင်ကျင်းပသွား မည်ဖြစ်ကြောင်း လည်း သိရသည်။ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ကာကွယ်ရေးဆိုင်ရာပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ရာတွင် တင်းကြပ်သောထိန်းချုပ်မှုအစီအစဉ်များအောက်မှ ဆောင်ရွက်နေကြောင်းနှင့် မိတ်ဖက်နိုင်ငံများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် ဒေသတွင်းလုံခြုံရေးကို ပိုမိုအားကောင်း လာစေရန်ရည်ရွယ်ထားကြောင်း ကိုဂျိယွန်းအိတနိက ပြောကြားခဲ့သည်။