Eleven Media Group

စီးပွားရေးအငြင်းပွားမှုများကို ဖြေရှင်းပေးမည့် ခုံသမာဓိ ဦးရေ တစ်ထောင်ခန့် မွေးထုတ်ထားပြီး နှစ်နှစ်အတွင်း အမှု ၁၈ မှုကို ဖြေရှင်းပေးထားကြောင်းသိရ

စီးပွားရေးအငြင်းပွားမှုများကို ဖြေရှင်းပေးမည့် ခုံသမာဓိ ဦးရေ တစ်ထောင်ခန့် မွေးထုတ်ထားပြီး နှစ်နှစ်အတွင်း အမှု ၁၈ မှုကို ဖြေရှင်းပေးထားကြောင်း မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (CMA) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ မောင်မောင်သိမ်းကပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်က ဝန်ကြီးများရုံး မြက်ခင်းပြင်တွင် မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (CMA)က ဖွင့်လှစ်ပို့ချသည့် အနုညာတခုံသမာဓိသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲတွင် ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အနုညာတခုံသမာဓိများအဖွဲ့ သင်တန်းကို စတင်ဖွင့်လှစ်စဉ်က သင်တန်းသား ၃၀ ခန့်ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တက်ရောက်သူ များပြားလာပြီး ၁၃ ကြိမ်မြောက် သင်တန်းဆင်းပွဲတွင် သင်တန်းသား ၁၅၀ ရှိကြောင်း သိရသည်။

" တကယ်လျှောက်တာက ၂၀၀ ပါ။ အခက်အခဲရှိတဲ့ အတွက် ၁၅၀ ကိုပဲ သင်ကြားလိုက်ရတယ်။ ကျန်တဲ့ ၅၀ ကတော့ နောက်ဖွင့်မယ့် သင်တန်းမှာ တက်ရမှာပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အနုညာတခုံသမာဓိသင်တန်းဆင်းပြီးသည့် သင်တန်းသားများအတွက် စာတွေ့သာမက လက်တွေ့အဖြစ် ခုံသမာဓိနည်းလမ်းအတိုင်းစစ်ဆေးနေသည့်အမှုများကို အနည်းဆုံး ၁၀ ကြိမ်ခန့် နားထောင်ပြီးမှ မြန်မာအနုညာတ စီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန (MAC)၏ ခုံသမာဓိစာရင်းထဲ ထည့်သွင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

" အမှုတစ်ခုထဲကိုပဲ သုံးလေးကြိမ်ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ လက်တွေ့အနေနဲ့ ဘယ်လိုဆုံးဖြတ်သလဲ ဘယ်လိုတွေ လုပ်ကိုင်သလဲဆိုတာ အနည်းဆုံး ၁၀ ကြိမ်လောက် လေ့လာရပါတယ်" ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ထို့ပြင် မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနအနေဖြင့် နှစ်နှစ်တာကာလအတွင်း အမှု ၁၈ မှုအထိ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ဥက္ကဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

" အမှုတွေ မြန်မာ- မြန်မာချင်းဖြစ်တယ်။ မြန်မာနဲ့ နိုင်ငံခြားသားဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားသားနဲ့ နိုင်ငံခြားသားချင်းဖြစ်တဲ့ အမှုတွေပါတယ်။ အမှု​အမျိုးအစားတွေကတော့ စုံပါတယ်။ နှစ်နှစ်တာကာလအတွင်းမှာ အမှု ၁၈ မှုအထိ ဖြေရှင်းခဲ့ရတယ်" ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

စီးပွားရေးလုပ်ငန်းများအကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ခုံသမာဓိတွင် လာရောက်ဖြေရှင်းခြင်းများရှိလာပြီး အများစုကို ပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့သည်ဟု သိရသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာနက UMFCCI ပံ့ပိုးမှုဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးသင်တန်းကိုလည်း ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းသို့ တက်ရောက်သူများအနေဖြင့် ရှေ့နေများသာမက စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်၊ အင်ဂျင်နီယာ အစရှိသူတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group