NP News

ရှမ်းပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ခဲ့ရသည့်စာသင်ကျောင်းများအနက် ပြန်လည်ဖွင့်လှစ်ရန် (၂၄) ကျောင်း ကျန်နေသေး

ထိုက်စံ (NP News) - နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ခဲ့ရသည့် စာသင်ကျောင်းများအနက် ပြန်လည်ဖွင့်လှစ်ရန် (၂၄) ကျောင်းကျန်နေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၀) ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီး အပါအဝင် မြို့နယ်အချို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် မြို့နယ်(၅)မြို့နယ်၌ ရေဘေးရှောင်စခန်း (၂၃) ခု ဖွင့်လှစ်ပေးခဲ့ရကြောင်း သိရသည်။

အိမ်ထောင်စု (၁၂၃၈) စု၊ လူဦးရေ (၄၅၄၉) ဦး ယာယီရေဘေးရှောင်လျက်ရှိပြီး အဆိုပါပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ အပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုမှာ ယနေ့အထိ ထောက်ပံ့မှုတန်ဖိုး ပေါင်းငွေကျပ် (၅၄၂၂၇၄၀ဝ) ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်း အခြေခံစာသင်ကျောင်း (၅၇) ကျောင်း ယာယီပိတ်ခဲ့ရပြီး ယခုအခါတွင် ရေများပြန်လည်ကျဆင်းနေပြီဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်ရန် ကျောင်းပေါင်း (၂၄) ကျောင်းသာ ကျန်ရှိလျက်ရှိကာ အဆိုပါကျောင်းများ ရေကျသွားသည်နှင့် ဆောလျင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးများအား အချိန်မီပညာသင်ကြားနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး‌၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက နမ့်စန်မြို့သို့ သွားရောက်ကာ နမ့်လတ်ချောင်းရေကြီးမှုကြောင့် ရပ်ကွက် (၁)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)တို့တွင် ရေကြီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News