ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
၄၉ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာသော ပြည်ပခေါင်းဆောင်များကို ကြိုဆိုနေချိန်တွင် ဆန္ဒပြသူများအနေဖြင့် ဧည့်သည်များအပေါ် နိုင်ငံ၏ ရိုးရာယဉ်ကျေးပျူငှာမှုနှင့် လေးစားမှုတို့ကို ပြသကြရန် ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ (PNP) က တိုက်တွန်းလိုက်သည်။
ဒေသတွင်း စုဝေးပွဲကာလအတွင်း စီစဉ်ထားသောဆန္ဒပြပွဲများနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာနှင့် တာဝန်သိစွာ သဘောထားထုတ်ဖော်ကြရန် PNP ရဲချုပ် ဗိုလ်ချုပ်ကြီး ဂျိုဆေး မီလန်စီယို စီ နာတာတက်ဇ် ဂျူနီယာက မေတ္တာရပ်ခံခဲ့သည်။
"ဖိလစ်ပိုင်လူမျိုးတွေဟာ ဧည့်ဝတ်ကျေပွန်မှုနဲ့ဧည့်သည်တွေအပေါ် လေးစားမှုကြောင့် လူသိများပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေ၊ မူဝါဒတွေအပေါ် သဘောထားကွဲလွဲနိုင်ပေမဲ့ အဲဒီကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာနဲ့ တာဝန်သိစွာ ထုတ်ဖော်ကြပါစို့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ဆန္ဒထုတ်ဖော်ခွင့် လွတ်လပ်ခွင့်ဟာ လူမျိုးတစ်မျိုးရဲ့တန်ဖိုးထားမှုတွေကို ထိခိုက်စေတဲ့အရာမျိုး ဘယ်တော့မှ မဖြစ်သင့်လို့ပါပဲ။ လာရောက်လည်ပတ်သူတွေအပေါ် ရိုင်းပျစရာမလိုဘဲ ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါတယ်" ဟု နာတာတက်ဇ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်မှုကို ကန့်ကွက်ဆန္ဒပြခြင်း အပါအဝင် ထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်သော ဆန္ဒပြပွဲများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အဖွဲ့အစည်းအများအပြားက ပြောကြားထားသည်။ ကျောင်းသားအဖွဲ့အစည်းများကလည်း စာသင်ခန်းမတက်ဘဲ သပိတ်မှောက်သည့် လှုပ်ရှားမှုများပြုလုပ်မည်ဟု ကြေညာထားသကဲ့သို့ သယ်ယူပို့ဆောင်ရေးအဖွဲ့ PISTON ကလည်း ထိပ်သီးအစည်းအဝေးကာလအတွင်း သယ်ယူပို့ဆောင်ရေးသပိတ်မှောက်ရန် စီစဉ်ထားသည်။
နိုင်ငံသားများ၏ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးကို အသိအမှတ်ပြု လေးစားပါကြောင်း နာတာတက်ဇ်က ပြောကြားခဲ့ပြီး အများပြည်သူ အေးချမ်းတည်ငြိမ်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပွဲစီစဉ်သူများအနေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် လူစုလူဝေးဆိုင်ရာ ဥပဒေများကို လိုက်နာရန် တိုက်တွန်းခဲ့သည်။ဥပဒေအရ သီးခြားကင်းလွတ်ခွင့်များမှအပ အများပြည်သူ ဆန္ဒပြပွဲများအတွက် စည်းမျဉ်းများနှင့် ခွင့်ပြုမိန့် လိုအပ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ၁၉၈၅ ခုနှစ် အများပြည်သူ စုဝေးခွင့်အက်ဥပဒေကိုလည်း ၎င်းက ကိုးကားပြောဆိုခဲ့သည်။
ထိပ်သီးအစည်းအဝေးကာလတစ်လျှောက် ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အားလုံးသည် ဥပဒေနှင့်အညီဖြစ်ရန်၊ ဘက်လိုက်မှုကင်းရန်နှင့် ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန် ရဲတပ်ဖွဲ့မှူးများကို ညွှန်ကြားထားကြောင်း နာတာတက်ဇ်က ဆိုသည်။
"ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်တိုင်း တည်ငြိမ်မှုရှိရမယ်၊ ဘက်လိုက်မှုကင်းရမယ်၊ တရားဥပဒေစိုးမိုးရေး လမ်းညွှန်ချက်အတိုင်း လိုက်နာရပါမယ်။ ကျွန်တော်တို့ ဒီမှာရှိနေတာဟာ အများပြည်သူ လုံခြုံရေးအတွက်ဖြစ်ပြီး တရားဝင် သဘောထားကွဲလွဲမှုတွေကို နှိပ်ကွပ်ဖို့ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။
ထိပ်သီးအစည်းအဝေး လုံခြုံရေးပြင်ဆင်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ်မနီလာ l အလယ်ပိုင်း လူဇွန် နှင့် ကာလာဘာဇွန် ဒေသများရှိ ရဲတပ်ဖွဲ့ယူနစ်များကို နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ အပြည့်အဝ တပ်လှန့်ထားပြီး ဖြစ်သည်။