
နေပြည်တော် နိုဝင်ဘာ ၁၄
၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရတနာပြပွဲများတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့် အသိအမှတ်ပြုခဲ့ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရခြင်းအပေါ် ဂုဏ်ယူကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီးကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ထမ်းများ၊ ဆက်စပ်ဌာနများနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (မြန်မာရူဘီ အင်တာပရိုက်စ်)မှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများ၊၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်း စုစုပေါင်း ၅၀၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်