Myanmar Digital News

ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုမှာ ယနေ့အထိ ထောက်ပံ့မှုတန်ဖိုးပေါင်း ငွေကျပ် ၅၄၂၂၇၄၀ဝ ရှိပြီဖြစ်


နေပြည်တော် နိုဝင်ဘာ ၁၄

 

ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်ငါးမြို့နယ်၌ ရေဘေးရှောင်စခန်း ၂၃ ခု၊ အိမ်ထောင်စု ၁၂၃၈ စု၊ လူဦးရေ ၄၅၄၉ ဦး ယာယီရေဘေးရှောင်လျက်ရှိပြီး အဆိုပါပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုမှာ ယနေ့အထိ ထောက်ပံ့မှုတန်ဖိုး ပေါင်းငွေကျပ် ၅၄၂၂၇၄၀ဝ ဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်း အခြေခံစာသင်ကျောင်း ၅၇ ကျောင်း ယာယီပိတ်ခဲ့ရပြီး ယခုအခါတွင် ရေများပြန်လည်ကျဆင်းနေပြီဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်ရန် ကျောင်းပေါင်း ၂၄ ကျောင်းသာ ကျန်ရှိလျက်ရှိကာ အဆိုပါကျောင်းများ ရေကျသွားသည်နှင့် ဆောလျင်စွာ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးများအား အချိန်မီပညာသင်ကြားနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး‌၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နမ့်စန်မြို့သို့ သွားရောက်ကာ နမ့်လတ်ချောင်းရေကြီးမှုကြောင့် ရပ်ကွက် (၁)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)တို့တွင် ရေကြီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် ပြည်ထောင်စုသို့ တင်ပြလမ်းညွှန်မှုခံယူဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ စွန္ဒီဂျာမေ့ဗလီ (ယာယီရေဘေးရှောင်စခန်း)ရှိ ယာယီရေဘေးရှောင်များအား ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများ ထောက်ပံ့ခြင်း၊ နှစ်သိမ့်အားပေးခြင်းများ ဆောင်ရွက်ပေးကာ နမ့်စန်မြို့နယ်ရှိ အလက (ခွဲ) (၁) ရေဝင်ရောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေများပြန်ကျချိန်တွင် စာသင်ဆောင်များ သန့်ရှင်းရေးအမြန်ဆောင်ရွက်ပြီး ကျောင်းအမြန်ဆုံးပြန်ဖွင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။

 

ထို့ပြင် ဗုဒ္ဓရာဇာဘုန်းကြီးကျောင်းအပါအဝင် ယာယီရေဘေးရှောင်စခန်းများတွင် ခိုလှုံနေသော အိမ်ထောင်စု ၂၇၅ စုမှ ယာယီရေဘေးရှောင်ပြည်သူ ၁၀၈၉ ဦးအား ဆန်ရိက္ခာဖိုး၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအပါအဝင် ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၁၄၁၁၆၃၀ဝ ကို ပြည်သူများလက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ လွိုင်လင်မြို့အနီး မိုင်တိုင်အမှတ် (၁၆၉/ ၅) တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကြီးရေလျှံမှုကြောင့် နိုဝင်ဘာ ၁၀ ရက်မှစ၍ အသွားအလာပြတ်တောက်နေသည့် နေရာသို့သွားရောက်ကာ အမြန်ဆုံးလမ်းပွင့်နိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ ကြီးကြပ်လမ်းညွှန်မှုအရ ဌာနဆိုင်ရာများပူးပေါင်း၍ ခြောက်လက်မပန့်ရေစုပ်စက်ကြီးများ၊ မီးသတ်ယာဉ်များဖြင့် နေရာအဆင့်ဆင့်မှ ရေစုပ်ထုတ်ကာ ရေလျှော့ချရေးဆောင်ရွက်နေမှု၊ ပြည်ထောင်စုလမ်းမကြီး ရေလွှမ်းမှုကြောင့် ကုန်ကားကြီးအစီးရေ ၄၀၀ ကျော် သွားလာရန် စောင့်စားနေရမှုအခြေအနေနှင့် လွိုင်လင်မြို့နယ်ရှိ တာဝန်ရှိသူများက ယာဉ်မောင်းများအား လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန်နှင့် လုံခြုံရေးကိစ္စ ပံ့ပိုးကူညီနေမှုများကို ကြည့်ရှုစစ်ဆေး၍ ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် တင်ပြနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News