Myanmar Transparency News

ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသလို များပြားလှသော ပြည်သူတို့ ပါဝင်နေကြဆဲ

၁၅.၁၁.၂၀၂၆.
Translated by Htwe Ko Tun

ပြင်သစ်မြို့ကြီးများတွင် ဆန္ဒပြပွဲများမှာ ငါးပတ်ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး နိုဝင်ဘာလ ၁၄ ရက်က နိုင်ငံတစ်ဝန်း လူပေါင်း ၁၀၆,၀၀၀ ခန် ပါဝင်ဆန္ဒပြခဲ့ကြသည်။

နေထိုင်မှုစရိတ် မြင့်တက်လာခြင်းနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ အကျပ်အတည်းဖြစ်ပေါ် နေခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်ရန် နိုဝင်ဘာလ ၁၄ ရက် က ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူပေါင်းများစွာ လမ်းမများပေါ်ထွက်၍ ဆန္ဒပြခဲ့ကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက် ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်သူဦးရေမှာ မကြာသေးမီ ရက်သတ္တပတ်များ အတွင်း အနည်းဆုံးဖြစ်သည်။ ပြင်သစ်မြို့ကြီးများတွင် လူပေါင်း ၁၀၆,၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ ၎င်းတို့အနက် ၂၄,၀၀၀ ဦးမှာ ပါရီမြို့မှ ဖြစ်သည်။ ယခင်ရက်သတ္တပတ်က နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁၄၆,၀၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။

ဖမ်းဆီးခံရသူ အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံတစ်ဝန်းတွင် ရဲတပ်ဖွဲ့က လူပေါင်း ၂၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဆန္ဒပြပွဲများသည် အများအားဖြင့် ငြိမ်းချမ်းစွာ ဖြစ်ပွားခဲ့သော်လည်း ပါရီ၊ ဘော်ဒိုးနှင့် အနောက်ပိုင်းမြို့တစ်မြို့ဖြစ်သည့် နန်တီစ်မြို့တို့တွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ရသည်။ အချို့သော ဆန္ဒပြသူများက မီးရှူးမီးပန်းများ ပစ်ဖောက်ပြီးနောက်တွင် ဤကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက အကြမ်းဖက်မှုများ ပါဝင်သည့် ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ကြောက်မက်ဖွယ်ရာ အတွေ့အကြုံများကို ပြောခဲ့ကြသည်။ပြင်သစ်နိုင်ငံရှိ ဆန္ဒပြပွဲများသည် ပိုမိုနက်ရှိုင်းသော ဒေါသတရားများကို ပေါ်လွင်စေကြောင်း ၎င်းတို့ကဆိုကြသည်။

ဥရောပသမဂ္ဂ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် ပြင်သစ်တွင် အကြီးစား ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။

စက်တင်ဘာလက ဆရာ၊ ဆရာမ လိုအပ်ချက်များနှင့် အခြေခံအဆောက်အအုံ အားနည်းချက်များကို ဆန့်ကျင်သည့် ကျောင်းသားများ၏ ဆန္ဒပြပွဲအဖြစ် စတင်ခဲ့သော်လည်း၊ ယခုအခါတွင် နေထိုင်မှုစရိတ် မြင့်တက်လာခြင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ အကျပ်အတည်းဖြစ်ခြင်းနှင့် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုများအပေါ် ဒေါသထွက်မှုများကြောင့် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းလည်းဖြစ်သည်။

အောက်တိုဘာလလယ်ပိုင်းတွင် ပြင်သစ်နိုင်ငံတစ်ဝန်း လူပေါင်း ၅၆၅,၀၀၀ ခန့် လမ်းမများပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ မြို့ကြီးအများအပြားတွင် ဆန္ဒပြပွဲများနှင့်အတူ အဓိကရုဏ်းများ၊ ပစ္စည်းလုယက်မှုများနှင့် ပဋိပက္ခများပါ ဖြစ်ပွားခဲ့သည်။

ပြင်သစ်နိုင်ငံတွင် နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ ငါးပတ်ဆက်တိုက် ဖြစ်ပွားလာချိန်၌ သမ္မတ အီမန်နျူရယ် မက်ခရွန်အပေါ် ထောက်ခံမှုနှုန်းထားမှာ ၂၀၁၇ ခုနှစ်တွင် ရာထူးစတင်ရယူချိန်မှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုသဘောထား စစ်တမ်းများအရ သိရသည်။

ပြင်သစ်အစိုးရအနေဖြင့လည်း၎င်းကြွေးမြီပမာဏ မြင့်မားနေမှုကြောင့် ဆန္ဒပြသူများ၏ တောင်းဆိုချက် များကို တုံ့ပြန်ဆောင်ရွက်ပေးရန်မှာ အခွင့်အလမ်း အကန့်အသတ်သာ ရှိနေကြောင်းသိရသည်။

Ref: AFP

မူရင်းသတင်း — Myanmar Transparency News