မြန်မာနိုင်ငံ၏ ဘူမိဗေဒနှင့် ငလျင်ပညာရှင် ဒေါ်လှလှအောင်ကို အာဆီယံ၏ ဂုဏ်သိက္ခာကြီးမားသည့် ဆုတစ်ဆုဖြစ်သည့် အာဆီယံဆု (ASEAN Prize) ကို ချီးမြှင့်ခဲ့ကြောင်း အာဆီယံ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
၂၀၂၆ ခုနှစ် အာဆီယံဆုကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပသည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်မ် ဟွန်းတို့က ဒေါ်လှလှအောင်ကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဒေါ်လှလှအောင်သည် မြန်မာနိုင်ငံအခြေစိုက် ဘူမိဗေဒနှင့် ငလျင်ပညာရှင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ နာယကတစ်ဦးလည်းဖြစ်ပြီး ၎င်းအား ဆုချီးမြှင့်သည့် အခမ်းအနားသို့ အာဆီယံခေါင်းဆောင်များ၊ သံတမန်အဖွဲ့ဝင်များနှင့် ဒေသတွင်းမှ အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည့် အာဆီယံဆုကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စီမံခန့်ခွဲပြီး Temasek ဖောင်ဒေးရှင်း က အဓိကပံ့ပိုးကူညီထားခြင်း ဖြစ်သည်။ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ Ayala ဖောင်ဒေးရှင်း ကလည်း ပံ့ပိုးကူညီပေးထားသည်။
အာဆီယံဆုသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ဒေသတွင်း အာဆီယံအသိုက်အဝန်း ထူထောင်ရေး စိတ်ဓာတ်ကို ပျိုးထောင်ပေးနိုင်သည့် ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ချက်များ ရှိခဲ့သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများကို အသိအမှတ်ပြု ချီးမြှင့်ခြင်း ဖြစ်သည်။
ဆုရရှိသူသည် အာဆီယံဆုတံဆိပ်နှင့်အတူ ငွေသားဆု အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကို ရရှိမည် ဖြစ်သည်။
Ref: ASEAN