
နေပြည်တော် နိုဝင်ဘာ ၁၄
အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks -SEACEN Research and Training Centre) နှင့် လာအိုနိုင်ငံ ဗဟိုဘဏ်တို့မှ ကြီးမှူး၍ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများကွန်ဖရင့်နှင့် (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် (၆၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများကွန်ဖရင့်တွင် လာအိုနိုင်ငံဗဟိုဘဏ်မှ ဥက္ကဋ္ဌ Mrs. Bounkham Vorachit နှင့် SEACEN Centre မှ အမှုဆောင်ဒါရိုက်တာ Dr. Cynyoung Park တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး “ကမ္ဘာ့စီးပွားရေး မညီမျှမှုများနှင့် အာရှဒေသ၏ ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ရေရှည်စီးပွားရေး တိုးတက်မှုအပေါ် သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ဒုတိယအကြီးတန်းစီးပွားရေးပညာရှင် Dr. Ayhan Kose က လည်းကောင်း။
ဆက်လက်၍ ကွန်ဖရင့်ပထမပိုင်းအနေဖြင့် “အာရှဒေသ၏ စုဆောင်းငွေများ၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကွာဟချက်များနှင့် လက်ရှိကမ္ဘာ့ငွေရေး ကြေးရေးစီးဆင်းမှုပုံစံများမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများ” ခေါင်းစဉ်ဖြင့် ကိုဘေးတက္ကသိုလ်၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနဌာနနှင့် အာရှစီးပွားရေးတိုးတက်မှုသုတေသနဌာန၏ ပါမောက္ခနှင့် ညွှန်ကြားရေးမှူးဖြစ်သူ Dr. Charles Horioka ကလည်းကောင်း။
ဒုတိယပိုင်းအနေဖြင့် “ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြင်ပမှ မသေချာမရေရာမှုများကြောင့် ဖြစ်ပေါ်လာသောထိခိုက်မှုများကို ရင်ဆိုင်နိုင်ရေး ဗဟိုဘဏ်များ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံးမှ ညွှန်ကြားရေးမှူး Mr. Yasuto Watanabe နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းမှ ဒုတိယအကြီးတန်း စီးပွားရေးပညာရှင် Mr. Ashok Bhundia တို့က လည်းကောင်း။
တတိယပိုင်းအနေဖြင့် “အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ အခန်းကဏ္ဍနှင့် ရေရှည် ဘဏ္ဍာငွေဖြည့်ဆည်းရရှိနိုင်ရေး” ခေါင်းစဉ်ဖြင့် ချေးငွေအာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ် Ms. Noriko Nasu နှင့် စင်ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ၊ စီးပွားရေး နှင့် အိမ်ခြံမြေဆိုင်ရာ ပါမောက္ခ Dr. Sumit Agarwal တို့ကလည်းကောင်း၊ ထို့ပြင် “ကမ္ဘာ့စီးပွားရေး၌ မတူကွဲပြားမှုများရှိလာသည့် အခြေအနေတွင် ကမ္ဘာ့စီးပွားရေးမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက် ခြင်း”ခေါင်းစဉ်ဖြင့် ပြင်သစ်နိုင်ငံဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ Dr. Agnès Bénassy-Quéré ကလည်းကောင်း ရှင်းလင်းတင်ပြကြရာ ကွန်ဖရင့်သို့ တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ “အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့သော ငွေရေးကြေးရေးစနစ် ဖော်ဆောင်ရေးအတွက် ငွေရေးကြေးရေးဆန်းသစ်တီထွင်မှုနှင့် အကာအကွယ်ပေးသူ၊ ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်အားပေးသူအဖြစ် ဗဟိုဘဏ်များ၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အာရှစီးပွားရေးတက္ကသိုလ်မှ အမှုဆောင်အရာရှိချုပ် ဥက္ကဋ္ဌ ပါမောက္ခဌာနမှူး Dr. Joe Cherian၊ ဟောင်ကောင်တက္ကသိုလ်နှင့် လန်ဒန်ကွင်းမေရီ တက္ကသိုလ်မှ ပါမောက္ခ Dr. Douglas Arner နှင့် စလိုဗက်ကီးယားနိုင်ငံ ဗဟိုဘဏ်၏ သုတေသန၊ စာရင်းအင်းနှင့် စီးပွားရေးပညာဌာနမှ အမှုဆောင်ဒါရိုက်တာ Dr. Reiner Martin တို့က ငွေရေးကြေးရေး ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေး ဝန်ဆောင်မှုများသည် ငွေရေးကြေးရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်မှုကို တိုးမြှင့်ပေးခြင်း၊ ငွေပေးချေမှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေခြင်းနှင့် ပြည်သူများ ပုံမှန်ငွေရေးကြေးရေးစနစ်အတွင်း ပါဝင်နိုင်မှုကို မြှင့်တင်ခြင်းတို့တွင် အထောက်အကူပြုနိုင်ကြောင်း၊ သို့ရာတွင် ဆန်းသစ်တီထွင်မှုများနှင့်အတူ ဆိုက်ဘာလုံခြုံရေး၊ စားသုံးသူအကာအကွယ်ပေးရေး၊ လုပ်ငန်းလည်ပတ်မှု ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပေါ်ပေါက်လာနိုင်သည့် ငွေရေးကြေးရေးဆိုင်ရာ အန္တရာယ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် သင့်လျော်သော အကာအကွယ်အစီအမံများလည်း လိုအပ်ကြောင်း၊ ဗဟိုဘဏ်များအနေဖြင့် ငွေရေးကြေးရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းသူများအဖြစ်သာမက တာဝန်ယူမှုရှိသော ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်သူများအဖြစ် အခန်းကဏ္ဍနှစ်ရပ်ကို မျှတစွာထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ယင်းမှတစ်ဆင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် လုံခြုံစိတ်ချရမှု၊ အားလုံး ပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့မှုတို့နှင့်အညီ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ကွန်ဖရင့်သို့တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌများအစည်းအဝေးတွင် SEACEN အမှုဆောင် ဒါရိုက်တာ Dr. Cynyoung Park က အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့၏ ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် နည်းဗျူဟာအစီအစဉ်နှင့်အညီ အကောင်အထည်ဖော်မှု အခြေအနေများ၊ ၂၀၂၆ ခုနှစ်အတွက် အဆိုပြုဘတ်ဂျက်လျာထားမှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပို့ချပေးသည့် သင်တန်းများနှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၇ ခုနှစ်တွင်ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများအပေါ် ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြလမ်းညွှန်မှုခံယူခဲ့ရာ အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ်တို့၏ ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားပြီး အတည်ပြုချက်ရယူသည့် ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်