Kanbawza Tai News

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ သည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် ‌‌ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာ ကော်မတီများအလိုက် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်း၌ တောင်ကြီးမြို့, အဝေရာ မီးပုံးပျံကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ၊ အခြေခံပညာကျောင်း များမှ ကျောင်းသား/သူများက တန်ဆောင်တိုင်ဖွင့်ပွဲတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကပြကာ မီးပုံးပျံအလုံးငယ် တစ်ထောင်ကျော် လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ညလွှတ် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဆုပေးပွဲ နှင့် ပွဲတော် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၊ ညပိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လွှတ်အရုပ် မီးပုံးပျံများမှာ ပြိုင်ပွဲဝင်အဖွဲ့ အရေအတွက် များပြားသည့်အတွက် ပွဲတော်ဖွင့်ပွဲ မစတင်မီ နိုဝင်ဘာ ၁၃ ရက်ကတည်းက စတင်လွှတ်တင်ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ရိုးရာမီးပုံးပျံပြိုင်ပွဲအပြင် မီးပဒေသာလှည့်လည်ပူဇော်ပြိုင်ပွဲ၊ မြို့လုံးကျွတ် ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲများကိုလည်း နှစ်စဉ် ကျင်းပမြဲအတိုင်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News