သက်တံ့
၁၅. ၁၁. ၂၀၂၆
ပြိုင်ဆိုင်မှုပြင်းထန်ပြီး ကြိုတင်ခန့်မှန်းရခက်သည့် ကမ္ဘာကြီးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ စွမ်းအင်ကြံ့ကြံ့ခံနိုင်စွမ်း အားကောင်းစေရေးနှင့် ပြင်ပမိတ်ဖက်ကွန်ရက်များ ချဲ့ထွင်ရေးတို့ကို အာရုံစိုက်ရန် လိုအပ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်က တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပသည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် မစ္စတာဝေါင်က နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ချောမွေ့စေရေးကို ဦးစားပေးရန်နှင့် အာဆီယံ ရေနံလုံခြုံရေး သဘောတူညီချက် (ASEAN Petroleum Security Agreement) ကို အတည်ပြုပေးရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးတို့တွင် ပြင်ပမိတ်ဖက်များ ဆက်လက်ပါဝင်နေစေရန်လည်း ပြောကြားခဲ့သည်။
”ရှေ့ဆက်ပြီး ပိုမိုပြင်းထန်တဲ့ လှိုင်းလေမုန်တိုင်းတွေနဲ့ ကြုံတွေ့ရနိုင်ပေမဲ့ ကျွန်တော်တို့သာ စည်းလုံးညီညွတ်မှုရှိနေသရွေ့ ရှေ့ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပြီး ပိုမိုအားကောင်းစွာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု စင်ကာပူဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာဝေါင်က ပြောကြားခဲ့သည်။
အစောပိုင်းတွင် မစ္စတာဝေါင်နှင့် အခြားအာဆီယံခေါင်းဆောင်များအား ထိပ်သီးအစည်းအဝေးကျင်းပရာ ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအတွင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တီမောလက်စ်တေ (Timor-Leste) နိုင်ငံသည် အာဆီယံ၏ ၁၁ နိုင်ငံမြောက် အသစ်စက်စက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် အာဆီယံ၏ ဖွဲ့စည်းပုံအသစ်ကို ထင်ဟပ်စေရန် အသင်း၏ အမှတ်တံဆိပ်ကို အလယ်ဗဟို၌ စပါးနှံတစ်နှံ ထပ်မံဖြည့်စွက်၍ အသစ်ပြင်ဆင်ခဲ့သည်။
အဆိုပါ စပါးနှံများသည် အရှေ့တောင်အာရှရှိ နိုင်ငံအားလုံး ပါဝင်ပြီး ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ပေါင်းစည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် အာဆီယံ တည်ထောင်သူ ဖခင်ကြီးများ၏ အိပ်မက်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ချိတ်ဆက်နိုင်ရေး ကြိုးပမ်းရန်လို
မစ္စတာဝေါင်က ၎င်း၏ မိန့်ခွန်းတွင် ပြီးခဲ့သည့် မေလက စီဘူး (Cebu) မြို့၌ ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘာကြီးသည် “ပိုမိုပြိုင်ဆိုင်မှုပြင်းထန်ပြီး ကြိုတင်ခန့်မှန်းရခက်လာပုံ” ကို ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း အာဆီယံအဖွဲ့ကြီးသည် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ ပြည်သူများအတွက် အရေးပါသည့် ကိစ္စရပ်များတွင် တိုးတက်မှုများ ရရှိအောင် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပိုမိုနက်ရှိုင်းသော ပေါင်းစည်းမှု၏ ဥပမာတစ်ခုအဖြစ် စနေနေ့က လက်မှတ်ရေးထိုးခဲ့သည့် ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA) ကို ၎င်းက ကိုးကားပြောကြားခဲ့ပြီး “လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန်” အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။
”ဒါဟာ ပထမခြေလှမ်းမျှသာ ဖြစ်ပါတယ်” ဟု မစ္စတာဝေါင်က မှတ်ချက်ပြုရင်း အဆိုပါ သဘောတူညီချက်ကို အခြေခံကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ချိတ်ဆက်နိုင်ရန် များစွာဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် နယ်စပ်ဖြတ်ကျော် လုပ်ကိုင်ရာတွင် ပိုမိုချောမွေ့လာစေမည်ဖြစ်ပြီး တစ်ခုတည်းသော အာဆီယံဈေးကွက်၏ အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
”ဦးစားပေးလုပ်ဆောင်နိုင်တဲ့ အချက်တစ်ခုကတော့ ကျွန်တော်တို့ ဒေသတွင်းမှာ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို ပိုမိုချောမွေ့လာအောင် လုပ်ဆောင်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။
စင်ကာပူနှင့် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့အကြား လက်ရှိချိတ်ဆက်ထားသည့် နှစ်နိုင်ငံ ငွေပေးချေမှုစနစ်များကို ဥပမာပေး၍ မစ္စတာဝေါင်က ဒေသတွင်း နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ် ကွန်ရက်တစ်ခု ဖန်တီးရန် အဆိုပြုခဲ့သည်။
ယင်းကြောင့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအပြင် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်ပမှ အိမ်သို့ ငွေပြန်လွှဲသူများအတွက်ပါ အချင်းချင်း ငွေကြေးလွှဲပြောင်းပေးချေရာတွင် ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှေ့ဆက်လုပ်ဆောင်ရမည့် နောက်ထပ်ဦးစားပေးတစ်ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို အသွင်ပြောင်းရန်အတွက် ဉာဏ်ရည်တု (AI) နည်းပညာ၏ စွမ်းအားကို အသုံးချရန်ဖြစ်ပြီး ယင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရန်နှင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက် AI ကိရိယာများနှင့် စွမ်းဆောင်ရည်များကို လက်လှမ်းမီမှု တိုးချဲ့ခြင်းတို့ ပါဝင်ကြောင်း မစ္စတာဝေါင်က ပြောကြားခဲ့သည်။
”ဒါ့အပြင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးတစ်ခု ဖြစ်လာဖို့ ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ စနစ်တွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ရာမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ရပါမယ်” ဟု မစ္စတာဝေါင်က ပြောကြားခဲ့သည်။
စွမ်းအင်အကျပ်အတည်းများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း
အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများသည် နည်းပညာအသစ်များကို အသုံးပြုလာသည်နှင့်အမျှ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုမြင့်မားလာသောကြောင့် အာဆီယံအနေဖြင့် စွမ်းအင်ကြံ့ကြံ့ခံနိုင်စွမ်းကို အားကောင်းအောင် လုပ်ဆောင်ရန်လည်း မစ္စတာဝေါင်က တိုက်တွန်းခဲ့သည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများက စွမ်းအင်လုံခြုံရေး၏ အရေးပါပုံကို ပိုမိုထင်ရှားစေခဲ့ကြောင်း မစ္စတာဝေါင်က ပြောကြားခဲ့ပြီး အာဆီယံအနေဖြင့် “စုပေါင်းတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်” တိုက်တွန်းခဲ့သည်။
စွမ်းအင်အကျပ်အတည်းများကို အတူတကွ ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် အာဆီယံ ရေနံလုံခြုံရေး သဘောတူညီချက် (APSA) ကို အမြန်ဆုံး အတည်ပြုပေးကြရန် ၎င်းက တောင်းဆိုခဲ့သည်။
အရှေ့တောင်အာရှ၏ လျှပ်စစ်ဓာတ်အားကွန်ရက်များကို ချိတ်ဆက်ပေးပြီး နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ခွင့်ပြုမည့် စီမံကိန်းဖြစ်သော အာဆီယံ ဓာတ်အားလိုင်း (ASEAN Power Grid) တည်ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်ရန်လည်း မစ္စတာဝေါင်က အခြားခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။
ထို့အပြင် အာဆီယံအနေဖြင့် ရှေ့ဆက်ပြီး မိတ်ဆွေများနှင့် မိတ်ဖက်များ ကွန်ရက်ကို တက်ကြွစွာ ချဲ့ထွင်သွားရမည်ဖြစ်ကြောင်း မစ္စတာဝေါင်က ပြောကြားခဲ့သည်။
”အာဆီယံဟာ အရင်တုန်းက အင်အားကြီးနိုင်ငံတွေရဲ့ တစ်ဆင့်ခံ စစ်ပွဲဆင်နွှဲရာ နေရာတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီခက်ခဲတဲ့ အတွေ့အကြုံကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပြီးပါပြီ။ အဲဒီလို ထပ်ဖြစ်တာမျိုး ကျွန်တော်တို့ မလိုချင်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။
”ဒါကြောင့် တစ်ဖက်နိုင်ငံ အကျိုးယုတ်မှ မိမိအကျိုးရှိမယ့် ပြိုင်ဆိုင်မှုမျိုး (Zero-sum competition) ကို ဆက်လက်ငြင်းပယ်ပြီး အင်အားကြီးနိုင်ငံအားလုံးနဲ့ ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ဒေသတစ်ခုဖြစ်လာရေးမှာ သူတို့အားလုံးရဲ့ အကျိုးစီးပွားတွေ ပါဝင်နေစေဖို့ သေချာအောင် လုပ်ဆောင်သင့်ပါတယ်”
အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) ကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် လာမည့် သမိုင်းမှတ်တိုင် နှစ်ပတ်လည်နေ့များကို အသုံးချ၍ ပွင့်လင်းပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် မိတ်ဖက်ဆက်ဆံရေးအပေါ် ထားရှိသည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ရန် ၎င်းက အာဆီယံအဖွဲ့အား တိုက်တွန်းခဲ့သည်။
”အာဆီယံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ဖြတ်ကျော်ခဲ့ဖူးပြီး အကြိမ်တိုင်းမှာ လမ်းကြောင်းမှန်ပေါ် ရပ်တည်ပြီး ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ပိုမိုပြင်းထန်တဲ့ လှိုင်းလေမုန်တိုင်းတွေနဲ့ ကြုံတွေ့ရနိုင်ပေမဲ့ ကျွန်တော်တို့သာ စည်းလုံးညီညွတ်မှုရှိနေသရွေ့ ရှေ့ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ပြီး ပိုမိုအားကောင်းစွာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မစ္စတာဝေါင်က ပြောကြားခဲ့သည်။
လာမည့်ရက်များအတွင်း မစ္စတာဝေါင်သည် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ကုလသမဂ္ဂတို့ အပါအဝင် အာဆီယံ၏ အဓိကမိတ်ဖက် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။
Ref: CNA