


သက်တံ့
၁၅. ၁၁. ၂၀၂၆
ဟောလိဝုဒ် သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ အိန်ဂျလီနာဂျိုလီ (Angelina Jolie) သည် ကမ္ဘောဒီးယားနိုင်ငံသို့ သိုသိုသိပ်သိပ် တိတ်တဆိတ် လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း Sosoro ပြတိုက်ဟု လူသိများသည့် Preah Srey Içanavarman ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည့်အပြင် ဗုဒ္ဓဘာသာ သံဃာ့ခေါင်းဆောင် ဆရာတော်ကြီးတစ်ပါးထံသို့လည်း သွားရောက်ဖူးမြော်ခဲ့သည်။
ယင်းခရီးစဉ်အတွင်း မဟာနိကာယဂိုဏ်းချုပ် သံဃာ့မဟာနာယက ဆရာတော်ကြီး Samdech Preah Maha Sumeatheathibodi Am Limheng က ဂျိုလီအား Wat Chompuh Khaek ဟုလည်း ခေါ်တွင်သည့် Wat Mony Sovann ကျောင်းတိုက်၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
သူမသည် ဆရာတော်ကြီးအား ရှိခိုးဦးခိုက်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဂျိုလီသည် နိုဝင်ဘာ ၁၁ ရက်က ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံ အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး (ASEAN Inclusive Growth Summit) သို့ တက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘောဒီးယားသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးတွင် သူမက ကမ္ဘောဒီးယားနိုင်ငံနှင့် ကာလရှည်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့မှု၊ ကမ္ဘောဒီးယား၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းတို့အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်နွှယ်မှုကို ပြန်ပြောင်းသုံးသပ်ရာတွင် ဂျိုလီက နိုင်ငံအနေဖြင့် ခက်ခဲကြမ်းတမ်းမှုများကို ကြုံတွေ့ခဲ့ရသည့်တိုင် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကမ္ဘောဒီးယားပြည်သူများကို ချီးကျူးဂုဏ်ပြုခဲ့ပြီး စတင်ရောက်ရှိသည့် အချိန်မှစ၍ မိမိ၏ အိမ်ကဲ့သို့ ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
”တချို့နေရာတွေကို ရောက်သွားတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သလိုမျိုး ခံစားရတတ်ပါတယ်” ဟု သူမက ဆိုသည်။
ဂျိုလီသည် ၂၀၀၀ ပြည့်နှစ်တွင် Lara Croft: Tomb Raider ရုပ်ရှင် ရိုက်ကူးရန် ကမ္ဘောဒီးယားသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ပြန်လည်လာရောက်ခဲ့သည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် သူမ၏ သားအကြီးဆုံးဖြစ်သူ မက်ဒေါ့စ် (Maddox) ၏ မွေးရပ်မြေဖြစ်သောကြောင့် သူမအတွက် လေးနက်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိပ္ပာယ်များလည်း ရှိနေသည့် နိုင်ငံဖြစ်သည်။
ထိပ်သီးအစည်းအဝေးအတွင်း သူမက ထိခိုက်လွယ်သော အသိုက်အဝန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ကြရန် တိုက်တွန်းခဲ့ပြီး ကမ္ဘောဒီးယားနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွယ်ဝသော ယဉ်ကျေးမှု၊ သယံဇာတများနှင့် လူ့စွမ်းအားအရင်းအမြစ် အလားအလာများကို အသိအမှတ်ပြုသင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။