Myanmar National Post

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ပျော်ဘွယ်မြို့နယ်၌ စပါးသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ကောက်ကွက်ပြည့်မီစေရေးနှင့် ကြဲပက်စိုက်ပျိုးခြင်းများကိုပပျောက်စေရန်အတွက် လယ်ယာသုံးစက်ကိရိယာများသုံးစွဲရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး





ပျော်ဘွယ်၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စပါးသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ကောက်ကွက်ပြည့်မီစေရေးနှင့် ကြဲပက်စိုက်ပျိုးခြင်းများကိုပပျောက်စေရန်အတွက် လယ်ယာသုံးစက်ကိရိယာများသုံးစွဲရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ယင်းတော်မြို့မကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ယင်းတော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တောင်သူများအနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ပြောင်းလဲရန် အချိန်အခါကောင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စက်မှုလယ်ယာသုံးပစ္စည်းများကို တောင်သူများထံဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့မှသာစပါးသီးနှံစိုက်ပျိုးရာ၌ ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာစနစ်သို့ပြောင်းလဲအသုံးပြုနိုင်ပါက လုပ်သားရှားပါးမှုကိုလည်း ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးလှထွန်းက သုံးစွဲသင့်သော လယ်ယာသုံးစက်ကိရိယာများနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က လယ်ယာသုံးစက်ကိရိယာသုံးစွဲသင့်သည့်အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်တောင်သူများက လယ်ယာသုံးစက်ကိရိယာ ဝယ်ယူနိုင်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလှမျိုးက Home Gardening စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုပေးအပ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးမျိုးညိမ်းဇော်က လက်ခံရယူခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်တောင်သူ ၂၀၀ ဦးခန့်က စက်မှုလယ်ယာဦးစီးဌာနမှပြသထားသည့် လယ်ယာသုံးထွန်စက်များ၊ ကောက်စိုက်စက်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)

#News #Myanmar

မူရင်းသတင်း — Myanmar National Post