ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်မှာ ဗုံးတစ်လုံးကို ရိုးရာအချိုမုန့်တစ်မျိုးလို့ ထင်မှတ်ပြီး စားမိခဲ့တဲ့ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး ပါးစပ်ထဲဗုံးပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ (၁၃)ရက်မှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူဟာ ရာဂျင်ဒရာ ဘာရိုတီယာဖြစ်ပြီး နိုဝင်ဘာ (၁ဝ) ရက်က ဒင်ဒိုရီခရိုင်ရှိ နေအိမ်ခြံဝင်းအတွင်း မိသားစုဝင်တွေနဲ့အတူ မီးလှုံနေစဉ် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရွာသားတစ်ဦးက ၎င်းတို့ဆီ ရောက်လာပြီး ရာဂျင်ဒရာကို အိန္ဒိယရိုးရာ အချိုမုန့်တစ်မျိုးဖြစ်တဲ့ ရက်စ်ဂူလာလို့ဆိုကာ အရာဝတ္ထုတစ်ခု ပေးခဲ့ပါ တယ်။
ရာဂျင်ဒရာက အဲဒီအရာဝတ္ထုကို ပါးစပ်ထဲထည့်ပြီး ကိုက်လိုက်ချိန်မှာ ပြင်းထန်စွာပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ အဲဒီအရာဝတ္ထုဟာ တောဝက်တွေကို သတ်ဖို့ အသုံးပြုတဲ့လက်လုပ်ဗုံးတစ်မျိုးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါဗုံးတွေကို ကျေးလက်ဒေသနဲ့ တိုင်းရင်းသား လူမျိုးစုအချို့က မုန့်လုံးပုံစံ မုန့်ညက်အတွင်း ယမ်းမှုန့်တွေ ထည့်သွင်းပြုလုပ်လေ့ရှိကြပါတယ်။ ပုံစံအားဖြင့် သကြားရည်စိမ်ထားတဲ့ ရက်စ်ဂူလာအချိုမုန့်နဲ့ ဆင်တူနေတာကြောင့် မုန့်လို့ မှားယွင်းနိုင်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ရာဂျင်ဒရာရဲ့ ပါးစပ်နဲ့ မေးရိုး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာကြောင့် မိသားစုဝင်တွေက ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသေဆုံးစေမှုနဲ့ အရေးယူထား တယ်လို့ သိရပါတယ်။