Kanbawza Tai News

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ပထမနေ့တွင် မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပထမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ ၁၆ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဖွင့်ပွဲ ပထမနေ့ ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော ရွှေပြည်ဟိန်းမီး၊ သူဌေးမီး၊ သုတမီး၊ ရွှေကျောင်းမီး၊ ယမ်းပိုးမီး၊ တော့အဲင်းမီး၊ တိမ်လတ်မီး၊ ပွဲကြိုက်မီးတို့အပြင် စိန်နားပန်မီးပုံးပျံများဖြစ်သော မီးအိမ်မီး၊ Lady Grace Diamond Lan ၊ KGM Co., Show Room ၊ ရုပ်ပျိုတိုင်းရင်းဆေးနှင့် U9 စိန်နားပန်မီးပုံးပျံ ၃ လုံး၊ စုစုပေါင်း ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညနေပိုင်းတွင် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်နှင့် အဝေရာမီးပုံးပျံကွင်းအတွင်း၌ ၂ ပိုင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ် တေးသီချင်းနှင့် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပိတ်ပွဲနှင့် ဆုပေးပွဲကို နိုဝင်ဘာ ၂၅ ရက်၊ ညနေပိုင်းတွင် အဝေရာမီးပုံးပျံကွင်းအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News