
စောအောင်လင်း
မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလ သည် အဋ္ဌမမြောက်လဖြစ်ပြီး မိုးရာသီမှ ဆောင်းရာသီသို့ ကူးပြောင်းသောကာလဖြစ်သည်။ ကောင်းကင်ပြင်တစ်ခွင်၌ တိမ်များကင်းစင် ကြည်လင်နေပြီး သာယာလှပသည့် ပွင့်လင်းရာသီကာလ၏ အစဖြစ်ပါသည်။
တန်ဆောင်မုန်းကို ပုဂံခေတ်ကျောက်စာ များတွင် “တန်ဆောင်မှုန်’’ ဟု ရေးထိုးခဲ့ကြပြီး “တန်ဆောင်မှုန်” မှ “ တန်ဆောင်မှုန်း’’ ဖြစ်လာသည်ဟု ဆိုကြသည်။ တန်ဆောင်မှုန်းဆိုရာတွင် တန်ဆောင်ဆိုသည်မှာ မီးရှူးမီးတိုင်၊ မှုန်းသည်ထွန်းလင်းတောက်ပခြင်းဟု အဓိပ္ပာယ်ရပါသည်။ အင်းဝခေတ်တွင် “ တန်ဆောင်မုန်း ” ဟု ရေးသားလာကြပြီး မီးရှူးမီးတိုင်ဖြင့် အလင်းရောင်သယ်ဆောင်ကာ ထွန်းလင်းတောက်ပစေသောလ၊ ဆီမီးတန်ဆောင် ထွန်းပြောင်စေသောလဟု မှတ်သားရပါသည်။
တန်ဆောင်မုန်းလသည် ရက်စုံလဖြစ်၍ ရက်ပေါင်း ၃၀ ရှိသည်။ ဗေဒင်အခေါ်ရာသီမှာ ဗြိစ္ဆာရာသီ၊ နက္ခတ်မှာ ကြိတ္တိကာနက္ခတ်၊ ရာသီ ရုပ်မှာ ကင်းမလက်မည်းပုံ၊ တာရာမှာ ကျီးတာရာ၊ ပွဲတော်မှာ တန်ဆောင်တိုင်ပွဲတော်၊ ရာသီပန်းမှာ ခဝဲပန်းဖြစ်ပါသည်။ တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့များသည် ရက်ရာဇာဖြစ်ပြီး အင်္ဂါနေ့နှင့်ရာဟုနေ့များသည် ပြဿဒါးရက်များဖြစ်ကြသည်။ နဂါးဦးခေါင်းမှာ အရှေ့အရပ်သို့ ပြုပါသည်။
ဆောင်းဦးရာသီဖြစ်၍ သစ်ပင်ပန်းမန်တို့သည် နှင်းရည်နှင်းစက်များကို သောက်သုံးကာ စိမ်းလန်းစိုပြည်နေကြသည်။ လပြည့်ည၏ လမင်းကြီးသည် ကောင်းကင်ယံ၌ ထိန်ထိန်သာ၍ နက္ခတ်တာရာ အစုံအလင်ဖြင့် ကြည့်ရှုမဝနိုင်အောင် သာယာလှပ နေသည်။ “ဖုံးတုံးလုံးတုံး တန်ဆောင်မုန်း’’ ဆိုသည့်အတိုင်း စပါးခင်းများတွင် စိမ်းစိုပြီး နို့ရည်ပြည့်ဝ၍ အဆီအနှစ်များခဲနေသည့် စပါးနှံများသည် ဦးငိုက်၍ ရိတ်သိမ်းချိန်ကို စောင့်မျှော်နေကြသည်။
သာယာလှပနေသည့် တန်ဆောင်မုန်းလတွင် ကထိန်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မီးထွန်းပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ သာမညဖလအခါတော်နေ့၊ ပံ့သကူပစ်ပွဲ ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲနှင့် ကျီးမနိုးပွဲတို့ကို ကျင်းပကြသည်။ တန်ဆောင်မုန်းလ၌ ကုသိုလ်ရေးနှင့် ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက် ပျော်ရွှင်စွာဆင်နွှဲကြပါသည်။
ကထိန်ပွဲ
ကထိန်ဆိုသည်မှာ “ကထိန” ဆိုသည့် ပါဠိဘာသာမှ ပါဠိသက်အဖြစ်သုံးကာ ကထိန = ကထိန်ဟု သုံးနှုန်းခဲ့ခြင်းဖြစ်ပါသည်။ မြန်မာလို ကောင်း၏၊ ကောင်းခြင်းဟု အဓိပ္ပာယ်ရပါသည်။ သင်္ကန်းအဝတ်ကို ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစသည့် ကထိန်မှုနှင့် စပ်သမျှများကို ခြုံငုံ ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။
ကထိန်သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာ လှူဒါန်းခွင့်ရှိသည့် ကာလဒါနတစ်ခု ဖြစ်ပါသည်။ ထိုကာလအတွင်း တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်းဟူသည့် ဝိနည်းဒေသနာတော်အတိုင်း ကထိန်သင်္ကန်းကို ကပ်လှူကြရပါသည်။ ကထိန် သင်္ကန်းကပ်လှူရာတွင် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ မထား ဘဲ သံဃာ့ဂုဏ်တော်ကိုသာ ရည်မှန်းလှူဒါန်းရခြင်းကြောင့် သံဃိကဒါနလည်း မြောက်ပါသည်။
ကထိန်ဖြစ်ပေါ်လာရခြင်းမှာ ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးနေစဉ် အရညဓူတင်၊ ပံ့သကူဓူတင်၊ တိစိဝရိတ်ဓူတင် ဆောက်တည်ကြသောဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ် တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ကြွလာခဲ့ကြရာ လမ်းခရီး၌ဝါဆို၍ သာကေတမြို့တွင် ဝါကပ်တော် မူကြသည်။ ဝါကျွတ်သည့်အခါ ပဝါရဏာပြုကြပြီး ခြေကျင်ခရီးဖြင့် ဆက်လက်ကြွခဲ့ကြရာ လမ်းခရီးတွင် မိုးများသည်းထန်စွာရွာသွန်းသဖြင့် မိုးရေများ စိုရွှဲခဲ့ကြသည်။ မိုးရေစိုရွှဲနေသော သင်္ကန်းများဖြင့် ဘုရားရှင်အားဖူးမြော်ကြရာ အဆင်မပြေမှုများကို အကြောင်းပြု၍ အဓိဋ္ဌာန်တင်သင်္ကန်းသုံးထည် တို့တွင်တစ်ထည်ကိုသာထား၍ မပင်မပန်းပေါ့ပါးရွှင်လန်း သွားနိုင်ရန်၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြစေရန် ရည်ရွယ်လျက် ထိုရဟန်းများကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်းနှင့် ပြည့်စုံသောရဟန်းတို့ကို သင်္ကန်းကပ်လှူခွင့် သို့မဟုတ်ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်တော် မူခဲ့ကြောင်းနှင့် ထိုအချိန်မှစတင်၍ ကထိန်သင်္ကန်း ဖြစ်ပေါ်ခဲ့ကြောင်း မှတ်သားရပါသည်။
ကထိန်သင်္ကန်းကပ်လှူရာတွင် ကထိန်ခင်းထိုက်သောသင်္ကန်း၊ ကထိန်ကပ်လှူနည်း၊ ကထိန်၏ အကျိုးအာနိသင်၊ ကထိန်သင်္ကန်းရရှိသော ရဟန်းတော်၏ အခွင့်အရေးစသည်ဖြင့် ကျယ်ပြန့်လှပါသည်။ ကထိန်ခင်းမည့် သံဃာတော်များဘက်က (၁) ရှေးဦးစွာပြုလုပ်ရမည့် ကိစ္စရပ်တို့ကို သိပြုရခြင်း၊ (၂) ပစ္စုဒ္ဓိုရ်ပြုတတ်ရခြင်း၊ (၃) အဓိဋ္ဌာန်တင် တတ်ရခြင်း၊ (၄) ခင်းပုံခင်းနည်းသိထားရခြင်း၊ (၅) မာတိကာကို သိထားရခြင်း၊ (၆) ကြောင့်ကြကို သိထားရခြင်း၊ (၇) ကထိန်နှုတ်ပုံကို သိထားရခြင်း၊ (၈) အာနိသင်ကို သိထားရခြင်းစသည့် အင်္ဂါရှစ်ရပ်နှင့် ပြည့်စုံရပါသည်။
ကထိန်သင်္ကန်းကပ်လှူသူများသည် (၁) မိမိသွားလိုရာခရီးကို အတားအဆီး အနှောင့်အယှက်မရှိ သွားလာနိုင်ခြင်း၊ (၂) လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း၊ (၃) အစာအဆိပ် သင့်မှု ဘေးအန္တရာယ်မှ ကင်းဝေးစေနိုင်ခြင်း၊ (၄) မိမိပစ္စည်းဥစ္စာများကို သူတစ်ပါး နိုင်ထက်စီးနင်းယူ ဆောင်ခြင်းမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးများကို ခံစားရနိုင်ပါသည်။ ကထိန်သင်္ကန်းကပ်လှူသူသည် သံဃာ့လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရေစက်ချပြီးမှ အလှူဒါနမြောက်ပါသည်။
မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ
မသိုးသင်္ကန်းသည် ကထိန်သင်္ကန်းတစ်မျိုး ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်အားရည်မှန်း၍ နေ့မကူးဘဲ အာရုံမတက်မီ ညတွင်းချင်းရက်လုပ် ကပ်လှူရသောသင်္ကန်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့သည် ကထိန်သင်္ကန်း နောက်ဆုံးကပ်လှူခွင့်ရသော နောက်ဆုံးနေ့ဖြစ်ရာ အချိန်မီရက်လုပ်၍ ကပ်လှူပူဇော်ကြရပါသည်။ နေ့ကူးသွားလျှင် သိုးသည်ဟူသော အယူအဆဖြင့် “မသိုးသင်္ကန်း” ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် လူအများကိုဖိတ်ကြား၍ စတိသဘောဖြင့် ဝါစေ့ကြဲပက်ခြင်း၊ ဝါပေါက်ကောက်၍ ဝါဖန်၊ ဝါကြိတ်၊ ဝါဖန်ခြင်း၊ ဂွမ်းဖတ်ကိုဗိုင်းတောင့်လိပ်ခြင်း၊ ချည်ငင်ခြင်း၊ ချည်ယောက်ခြင်း၊ ယောက်ပြီးချည်ငင် ကို ဆေးဆိုးအစာတင်၍ မီးကင်ခြင်း၊ ခြောက်သွေ့ အောင်လှမ်း၍ ရက်ဖောက်ယောက်ခြင်း၊ ရက်ကန်း ရက်ခြင်းများပြုလုပ်၍ ရက်ကန်းစင်၌တင်ကာ အရုဏ်မတက်မီအပြီး ရက်လုပ်ကြရသည်။ ယခု အခါ အဖွဲ့များခွဲ၍ ရက်ကန်းစင်များတွင် ပြိုင်ပွဲတစ်ခုသဖွယ် အပြိုင်အဆိုင် ပျော်ရွှင်စွာ ရက်လုပ်ကြသည်။ ရက်လုပ်ပြီး သင်္ကန်းကို အရုဏ်မတက်မီမှာပင် ဘုရားရှင်အား ရည်မှန်း၍ ဆက်ကပ်ပူဇော်ကြသည်။
မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ
မြန်မာ့ရိုးရာအစဉ်အလာအရ တန်ဆောင်တိုင်မီးထွန်းပွဲများကို မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပကြပါသည်။ မြန်မာအဘိဓာန်တွင် တန်ဆောင်တိုင် = တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသော မီးထွန်းပွဲဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ရှေးမြန်မာတို့သည် မီးထွန်းပွဲတော်ကို ကြိတ္တိကာနက္ခတ်ကို ပူဇော်သောအားဖြင့် ထွန်းညှိသည်ဟု သိရသည်။ ထိုနက္ခတ်အစောင့် ဒဟနီမည်သော မီးနတ်သည် တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူ့ပြည်သို့ ဆင်းလာလေ့ရှိ၍ မီးထွန်းညှိပူဇော်ပွဲများကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်ဟု ဆိုသည်။
တချို့က မီးထွန်းပွဲတော်သည် မဟာပိန္နဲနတ်ကိုလည်းကောင်း၊ တာဝတိံသာရှိ ဘုရားအလောင်း ဆံတော်ဓာတ်ကိန်းဝပ်ရာ စူဠာမဏိစေတီတော်ကို ရည်စူးပူဇော်ကြသည်ဟုလည်းကောင်း ဆိုကြသည်။ ယခုအခါ၌ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်ကြခြင်း ဖြစ်ပါသည်။ တန်ဆောင်တိုင်မီးထွန်းပွဲနှင့်အတူ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများကို ခြိမ့်ခြိမ့်သဲသဲကျင်းပလာကြသည်။ တောင်ကြီး၊ ပဲခူး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများနှင့် အခြားဒေသများတွင်လည်း မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ မီးရှူး မီးပန်းများဖြင့် ပူဇော်ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသည်။
သာမညဖလအခါတော်နေ့
အဇာတသတ်မင်းသည် ကျေးဇူးရှင်ဖခင်ကြီးကို သတ်ခဲ့သည့်အကုသိုလ်ကြောင့် စိတ်သောကဝေဒနာခံစားနေရမှုကို ပျောက်ကင်းစေရန် ကြိုးပမ်းခဲ့သည်။ ဆရာဇီဝက၏ အကြံပြုချက်အရ သရက်ဥယျာဉ်တော်၌ သီတင်းသုံးနေတော်မူသည့် ဘုရားရှင်ထံ သွားရောက်ဖူးမြော်၍ “လောက၌ အတတ်ရှင်သည် မိမိအတတ်ကိုမှီ၍ ချမ်းသာစွာအသက် မွေးနိုင်၏။ ရသေ့ရဟန်းပြုခြင်း၏ ယခုဘဝအကျိုးကို ပြနိုင်စရာရှိပါ၏လား’’ဟု အမေးပုစ္ဆာကိုလျှောက်ထားသည်။ ဘုရားရှင်က ရဟန်းအဖြစ်၏ အကျိုးအဆင့်ဆင့်ပါသော သာမညဖလသုတ္တန်ကို အဇာတသတ်မင်း နားလည်အောင် သာဓကများစွာဖြင့် ဟောကြားတော်မူခဲ့သည်။ အဇာတသတ်မင်းအား အမြင်မှန်ရအောင် တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်ကို ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် ပူဇော်ကြခြင်းဖြစ်ပါသည်။
ပံ့သကူပစ်ပွဲ
တန်ဆောင်မုန်းလပြည့်နေ့ညတွင် အလှူရှင်အချို့က မိမိတို့တတ်နိုင်သည့် ငွေကြေး၊ အသုံးအဆောင်ပစ္စည်းများကို အထုတ်ငယ်လေးများ ထုပ်ပိုး၍ လူခြေတိတ်ချိန်တွင် အများမသိအောင် နေရာအသီးသီးတွင် ဖွက်ထားကြသည်။ ပံ့သကူပစ္စည်း ရှာဖွေတွေ့သူများသည် ပျော်ရွှင်ကြသကဲ့သို့ အလှူရှင်များကလည်း ဖွက်ထားသည့် ပံ့သကူ ရှာတွေ့သွားသူများ ပျော်ရွှင်နေကြသည်ကိုကြည့်ရှု၍ ဝမ်းသာပီတိဖြစ်ကြရသည်။ အချို့က လူစည် ကားရာ နေရာများသို့ မော်တော်ကား၊ ဆိုင်ကယ် များဖြင့်သွားရောက်ကာ ပံ့သကူပစ္စည်းများ၊ ငွေများကို ပစ်ခဲ့ကြသည်။ တချို့က နေအိမ်များအပေါ်မှ ပိုက်ဆံကြဲကြသည်။ တချို့က ပံ့သကူပစ်ခြင်းကို အဓိဋ္ဌာန်ဖြင့် နှစ်စဉ်ပြုလုပ်ကြသည် ။
စတုဒိသာကျွေးမွေးပွဲ (နိဗ္ဗာန်ဈေးပွဲတော်)
တန်ဆောင်မုန်းလပြည့်နေ့တွင် ရပ်ကွက်များ၊ လမ်းများ၊ ရုံးဌာနများတွင် လာသမျှလူများကို အယုတ်အလတ်အမြတ်မရွေး စားသောက်ဖွယ်ရာများကျွေးမွေးခြင်း၊ ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းများကို ပျော်ရွှင်စွာ ကျင်းပကြသည်။ အလှူရှင်များက ပစ္စည်းများ ကံစမ်းမဲဖောက်၍ လှူဒါန်းကြခြင်းကို နိဗ္ဗာန်စျေးပွဲတော်ဟု ခေါ်ဆိုကြသည်။ တချို့ကမုန့်လုံးရေပေါ်များဖြင့် ကျွေးမွေးဧည့်ခံကြရာ ဖိတ်ကြားမထားဘဲ ကြုံသည့်လူများ ဝင်ရောက်စားသုံးနိုင်ခြင်းကြောင့် မခေါ်မုန့်လုံးဟုလည်း ဆိုကြသည်။
ကျီးမနိုးပွဲ
တန်ဆောင်မုန်းလပြည့်နေ့ည သန်းခေါင်ယံအချိန်တွင် လူငယ်များသည် နေအိမ်ခြံဝင်းအပြင်ဘက်နှင့် လမ်းမဘေးရှိ ပစ္စည်းများကို ပိုင်ရှင်မသိအောင် ယူဆောင်၍ လမ်းထိပ်များ၊ အမြင့်နေရာများသို့ ပြောင်းရွှေ့ထားခြင်းများကို အပျော်သဘော ပြုလုပ်ကြသည်။ တချို့က နေအိမ်များတွင် မွေးမြူထားသည့် ကြက်၊ ဘဲများကို ပိုင်ရှင်မသိအောင် ယူငင်၍ပျော်ပွဲစားသဘော ချက်ပြုတ်စားသောက်ကြသည်။ ဟင်းကောင်းတစ်ခွက်ကဲ့သို့ မချက်ပြုတ်နိုင်ဘဲဆီမပါ၊ အဆာမပါဘဲအဖြစ်သဘော ချက်ပြုတ်စားသောက်ကြခြင်းဖြစ်၍ ကာလသားချက်ဟုလည်း ဆိုကြသည်။ အပျော်သဘောမဟုတ်ဘဲ အရက်သေစာသောက်စားမူးယစ်ခြင်း၊ ပစ္စည်းဥစ္စာများ ခိုးယူခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များမဖြစ်စေရန်ကိုမူ တားဆီးသင့်ကြပါသည်။
ဆေးပေါင်းခသည့် ညနှင့် မဲဇလီဖူးသုပ်
ကြိတ္တိကာနက္ခတ်နှင့်စန်းယှဉ်သော တန်ဆောင် မုန်းလပြည့်ည ၁၂ နာရီတိတိအချိန်သည် ဆေးပေါင်းခသည့် ည၏ အစွမ်းထက်ဆုံးအချိန်အဖြစ် သတ်မှတ်ကာ တိုင်းရင်းဆေးဆရာကြီးများက ဆေးမျိုးစုံဖော်စပ်ကြသည်ဟု မှတ်သားရပါသည်။ တန်ဆောင်မုန်းလပြည့်ညတွင် ဆေးပင်များကို စောင့်ရှောက်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်ထံသို့ လာရောက်ခစားကြသည်ဟုဆိုသည်။ လပြည့်နေ့ညတွင် ဆေးပေါင်းခသည်ဆိုသည့် မဲဇလီဖူးများကိုပြုတ်၍ မြေပဲဆန်ထောင်း၊ ကြက်သွန်နီကြော်၊ အဆာပလာများဖြင့်သုပ်၍ ဆေးပေါင်းခသည့်အစာအဖြစ် စားသုံးကြသည်။ မိမိတို့ကိုယ်တိုင်သာမကဘဲ ပတ်ဝန်းကျင်နေအိမ်များကိုလည်း လိုက်လံဝေငှ ကျွေးမွေးကြသည်။
အချုပ်အားဖြင့်ဆိုရသော် တန်ဆောင်မုန်းလ၌ကျင်းပသည့်ပွဲတော်များသည် မြန်မာ့ရိုးရာ အစဉ်အလာမပျက် နှစ်စဉ်ပြုလုပ်ကြသည့် ကုသိုလ်ရေးပွဲတော်များဖြစ်သကဲ့သို့ ပျော်ပွဲရွှင်ပွဲများကိုလည်း တက်ကြွပျော်ရွှင်စွာ ကျင်းပကြခြင်းဖြစ်ပါသည်။ နောင်လာနောက်သားများအနေဖြင့် တန်ဆောင်မုန်းလ၏ ရိုးရာအစဉ် အလာကောင်းများကို ထိန်းသိမ်းရင်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား
- မြန်မာအဘိဓာန်၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန
- ဆရာကြီးဦးသုခ၏ မှတ်အပ်မှတ်ရာ မှတ်စုပဒေသာ သုခမှတ်စု
- နေ့စဉ်ထုတ် သတင်းစာများ