Myanmar Digital News

အနုညာတခုံ သမာဓိသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၅

 

မြန်မာအနုညာတခုံ သမာဓိများအဖွဲ့ (College of Myanmar Arbitrators-CMA)က ဖွင့်လှစ်ပို့ချခဲ့သည့် အနုညာတခုံသမာဓိသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံး မြက်ခင်းပြင်၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာနနှင့် မြန်မာအနုညာတခုံ သမာဓိလူကြီးများအဖွဲ့တို့၏ Foundation Father နှင့် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက သြဝါဒစကား ပြောကြားပြီး သင်တန်းသား သင်တန်သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါသင်တန်းတွင် အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရာတွင် အသုံးပြုသော Arbitration နည်းလမ်းနှင့် ဖြေရှင်းခြင်းစနစ်ကြီး ပြန့်ပွားလာစေရန်၊ ဖြေရှင်းခြင်းနည်းစနစ်ကို အထောက်အကူဖြစ်စေရန်နှင့် Arbitration နည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်သည့် Arbitrator များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ Myanmar Arbitration Centre အနေဖြင့် Arbitration နည်းလမ်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်ပွားသော အငြင်းပွားမှုများသာမက မြန်မာနှင့် နိုင်ငံခြားသား၊ နိုင်ငံခြားသားအချင်းချင်း ဖြစ်ပွားသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကိုပါ အောင်မြင်စွာ ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဌေး

မူရင်းသတင်း — Myanmar Digital News