Myanmar Digital News

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများ သွားရောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၁၅

 

ကျောင်းသား လူငယ်မောင်မယ်များ နိုင်ငံတော်၏ သမိုင်းနှင့် တပ်မတော်၏ သမိုင်းကြောင်းများကို သိရှိပြီး အသိပညာ ဗဟုသုတများစွာရရှိစေရန်၊ လူငယ်များအား မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး နိုင်ငံချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်၊ ကျောင်းသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာ များကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ် ဆောင်ရွက်မှုဖြင့်တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာ​အထက် တန်းကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ အ​ခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အုန်းတော၊ အခြေခံပညာအထက်တန်း​ကျောင်း(ခွဲ)သစ်ဆိမ့်ပင်၊ လယ်​ဝေးမြို့နယ် မြတ်ပညာမွန် ကိုယ်ပိုင်အထက် တန်းကျောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိအခြေခံ ပညာအထက်တန်း​ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများသည်ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူ များနှင့်ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ) ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

 

ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက် လေ့လာကြသော ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။

 

ယင်းနောက် ပြတိုက်တာဝန် ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာ၍ သိရှိလိုသည်များကို မေးမြန်း ကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

 

ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု နှင့် အထူးဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ကျွန်တော်တို့အနေနဲ့ ကျောင်းမှာ စာတွေ့အနေနဲ့သာ သင်ယူခဲ့ရတဲ့ နိုင်ငံတော်သမိုင်း၊ တပ်မတော် သမိုင်းတွေကို အခုလိုမျိုး လက်တွေ့ လေ့လာခွင့်ရရှိခဲ့တဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။

 

နိုင်ငံတော်သမိုင်းလို့ဆိုရာမှာ ပုဂံခေတ်မတိုင်မီကာလကတည်းက ပျူမြို့ပြနိုင်ငံများပေါ်ထွန်းခဲ့ တာတွေ၊ ပုဂံခေတ်မှာလည်း စေတီ ပုထိုးနဲ့ ကျောက်စာမှတ်တမ်းတွေ အရ သမိုင်းမှတ်တမ်း အတိအကျ ရှိခဲ့တာတွေ၊ တပ်မတော်သမိုင်းမှာလည်း ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်ဆိုပြီး အမည်အမျိုးမျိုး ပြောင်းလဲဖွဲ့စည်းခဲ့တယ် ဆိုတာတွေလည်း လေ့လာခွင့်ရရှိခဲ့ပါ တယ်။

 

သမိုင်းအဆက်ဆက်မှာ အသုံးပြုခဲ့ကြတဲ့ လက်နက်တွေ၊ အမြောက်တွေ၊ လေယာဉ်တွေကိုလည်း လက်တွေ့ကျကျ လေ့လာခွင့်ရခဲ့လို့ ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့  ကာကွယ် ရေးစွမ်းအားတွေ ဘက်စုံဟန်ချက် ညီနေမှရမယ် ဆိုတာတွေကိုပါလေ့လာခဲ့ရပါတယ်။

 

အခုလို လေ့လာခွင့်ရရှိအောင် စီမံပေးတဲ့ နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လိုက်လံ ရှင်းလင်းပြသပေးတဲ့ စစ်သမိုင်းပြတိုက်မှ တာဝန်ရှိသူ များအားလုံးကို အထူးကျေးဇူး တင်ပါတယ်ခင်ဗျာ။

 

ကျွန်မတို့ အခု ပြခန်းတွေ အားလုံးကို လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ကျောင်းမှာ သင်ခဲ့ရတဲ့ စာတွေ့တွေအတိုင်း သမိုင်းထဲက အဖြစ်အပျက်တွေကို လက်တွေ့လေ့လာခွင့် ရရှိခဲ့ပါတယ်။

 

ကျွန်မတို့ နိုင်ငံဟာ နိုင်ငံတော် ကာကွယ်ရေးစွမ်းအား ထက်မြက် တောင့်တင်းနေချိန်မှာ နိုင်ငံတော် အတွင်း အေးချမ်းတည်ငြိမ်ပြီး သာယာခဲ့တယ်ဆိုတာကို ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာ နိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်တို့က အထင်အရှားပြဆို ထားပါတယ်။

 

 သို့ပေမယ့်လည်း နိုင်ငံတော်ရဲ့ ကာကွယ်ရေးစွမ်းအား လျော့နည်းပြီး နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှု မရှိတဲ့အချိန်မှာ ပြည်ပ ကျူးကျော်စစ်တွေဝင်ရောက်ပြီး နိုင်ငံတော်ဟာ တိုင်းတစ်ပါးအောက် ကျရောက်ခဲ့ရတယ် ဆိုတာကိုလည်း သမိုင်းမှတ်တမ်းတွေအရ လေ့လာသိရှိခဲ့ရပါတယ်။

 

မျက်မှောက်ခေတ် တပ်မတော်မှာ နိုင်ငံတော်ကိုကာကွယ်ဖို့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေအပြင် အခြားသော စစ်အင်ဂျင်နီယာတပ်တွေ၊ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်တွေရှိနေတယ်ဆိုတာကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။

 

စစ်သမိုင်းပြတိုက်ကို လေ့လာခဲ့ရခြင်းဖြင့် ကျွန်မတို့ မသိရှိခဲ့တာ တွေကို ပိုပြီးသိမြင်ခွင့်ရခဲ့ပြီး များစွာသော အတွေ့အကြုံ ဗဟုသုတတွေကိုရရှိစေတဲ့အတွက် စစ်သမိုင်းပြတိုက်ကို မရောက်ဖူးသေးတဲ့ သူငယ်ချင်းများကို လည်းလာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

သတင်းစဉ်

 

မူရင်းသတင်း — Myanmar Digital News