Eleven Media Group

စပိန်အသင်းကို အနိုင်ရခဲ့သည့်ပွဲမှာ အင်္ဂလန်နည်းပြအဖြစ် မိမိဆောင်ရွက်ခဲ့သည့် သက်တမ်းတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သည်ဟု တူဟယ်လ် ပြောကြား

Photo: X

အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူဟယ်လ်က စပိန်အသင်းကို အနိုင်ရခဲ့သည့်ပွဲမှာ အင်္ဂလန်နည်းပြအဖြစ် မိမိဆောင်ရွက်ခဲ့သည့် သက်တမ်းတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် Nations League အုပ်စုနောက်ဆုံးပွဲစဉ်တွင် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းကို အဝေးကွင်း၌ (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပွဲ၌ အင်္ဂလန်အသင်းက (၃-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး (၆၃)မိနစ်တွင် အန်ဒါဆန် ထုတ်ပယ်ခံရပြီးနောက်မှ စပိန်အသင်းကို (၂)ဂိုးပြန်ပေးခဲ့ရခြင်းဖြစ်သည်။
စပိန်အသင်းသည် ယခုပွဲမတိုင်မီ ပြိုင်ပွဲစုံ၌ (၄၃)ပွဲဆက်တိုက် (ပယ်နယ်တီအဆုံးအဖြတ်မပါဝင်) ရှုံးပွဲမရှိခဲ့သည့်အသင်းဖြစ်ပြီး အဆိုပါစံချိန်ကို အင်္ဂလန်အသင်းက အဆုံးသတ်ပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
''လက်ဖျားခါလောက်တဲ့ စွမ်းဆောင်ရည်ပါပဲ။ နိုင်ပွဲနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ပွဲအစအဆုံး စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်က ပြီးပြည့်စုံခဲ့ပါတယ်'' ဟု တူဟယ်လ်က ပြောကြားခဲ့သည်။
ဂျာမန်လူမျိုး တူဟယ်လ်သည် အင်္ဂလန်အသင်းကို ၂၀၂၅ ဇန်နဝါရီတွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး (၂၈)ပွဲကစားအပြီး၌ (၂၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲရှုံးရလဒ် ရရှိထားသည်။
အင်္ဂလန်အသင်းသည် စပိန်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် Nations League ၌ အုပ်စုပထမနေရာဖြင့် ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များကို ၂၀၂၇ မတ်လတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group