Myanmar National Post

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ




ပဲခူး၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားဥယျာဉ်၊ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင် မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီ တက်လှမ်း နိုင်စေရန်၊ တိုင်းဒေသကြီးအတွင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးငယ်အားကစားသမားများ ပေါ်ထွက် လာစေရန်၊ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးငယ်များ မွေးထုတ်ပေးရန်နှင့်အမျိုးသမီးများ၏ အားကစားကဏ္ဍ မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့က ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ပြိုင်ပွဲဝင်အသင်းများ၏ အေရိုးဗစ် စုပေါင်းသရုပ်ပြသနေမှုကို ကြည့်ရှုအား ပေးကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ အသင်း(၆)သင်းပါဝင်ကာ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၉)ယောက်တွဲပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

#News #Myanmar


မူရင်းသတင်း — Myanmar National Post