Eleven Media Group

မွန်ပြည်နယ် ဥပဒေအထောက်အကူပြုအဖွဲ့ရုံးမှ ပြည်နယ်ဦးစီးမှူး၏ ရွှေဆွဲကြိုးလုယက်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူများအား CCTV မှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးရမိ

မွန်ပြည်နယ် ဥပဒေအထောက်အကူပြုအဖွဲ့ရုံးမှ ပြည်နယ်ဦးစီးမှူး၏ ရွှေဆွဲကြိုးလုယက်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူများအား CCTV မှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်ဦးစီးမှူးက ၎င်းခေတ္တငှားရမ်းနေထိုင်သည့် မော်လမြိုင် ဒိုင်းဝန်ကွင်းရပ်ကွက် စက်ကွင်းလမ်းရှိ နေအိမ်ရှေ့တွင် ကျန်းမာရေးအတွက်လမ်းလျှောက်ရန် နေအိမ်မှထွက်လာစဉ် အနောက်မှ ယောက်ျား‌လေးတစ်ဦး မောင်းနှင်ပြီး မိန်းကလေးငယ်တစ်ဦး လိုက်ပါလာသည့် ဆိုင်ကယ်မှ မိန်းကလေးငယ်က ရွှေဆွဲကြိုးကို လုယက်သွားခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အခင်းဖြစ်နေ့ အခင်းဖြစ်နေရာအနီးရှိ နေအိမ်တစ်အိမ်ရှိ CCTV မှတ်တမ်းမှ သံသယဖြစ်ဖွယ် ကျူးလွန်သူဟု ယူဆရသူနှစ်ဦး၏ ပုံသဏ္ဌာန်နှင့် ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ပုံစံတို့ကို ရရှိသဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ CCTV Control Center နှင့် ချိတ်ဆက်ကာ စုံစမ်း‌ဖော်ထုတ်မှုများ လုပ်ဆောင်ခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းဖော်ထုတ်ချက်များအရ နိုဝင်ဘာ ၁၄ ရက် ည ၆ နာရီခန့်တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အောင်ဇမ္ဗူဘုန်းကြီးကျောင်းလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် သံသယဖြစ်ဖွယ်နှစ်ဦးကို အခင်းဖြစ်နေ့က ၎င်းတို့စီးနင်းလာသည့် MON-85W/78509 နံပါတ်တပ်ဆင်ထားသော HONDA CLICK အဖြူ+အနီ ဆိုင်ကယ်မှာ အောင်ဇမ္ဗူဘုန်းကြီးကျောင်းဘက်မှ ကျိုက္ခမီလမ်းမကြီးဘက်သို့ မောင်းနှင်သွားသည်ကို တွေ့ရှိသဖြင့် သက်ဆိုင်ရာက လိုက်လံဖမ်းဆီးရာ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်း၊ သဲပုံစေတီအနီးတွင် ၎င်းတို့နှစ်ဦးအား အခင်းဖြစ်စဉ်၌ အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး "မသင်္ကာဖွယ်ရာနှစ်ဦးမှာ အမျိုးသားက ဟိန်းပြည့်စုံဦး (ခ) နားမကြားလို့ သိရပြီး အမျိုးသမီးက မမေမြတ်နိုး (ခ) မြတ်နိုးဆိုသူလို့ သိရပါတယ်" ဟု ပြောကြားသည်။

မမေမြတ်နိုး (ခ) မြတ်နိုးက ၎င်းတို့လုယက်ခဲ့သည့် ရွှေဆွဲကြိုးကို အခင်းဖြစ်ခဲ့သည့်နေ့ ညနေ ၄ နာရီခန့်တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ငါးကန်လမ်းရှိ ရွှေမြို့တော်ရွှေဆိုင်၌ (ကျပ်သိန်း ၉၀ ကျော်) ကျပ် ၉၄၆ဝဝဝဝ ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ထားကြောင်း ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဟိန်းပြည့်စုံဦး (ခ) နားမကြားနှင့် မမေမြတ်နိုး (ခ) မြတ်နိုးတို့နှစ်ဦးအား မော်လမြိုင်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group