





ပုသိမ်၊ နိုဝင်ဘာ ၁၆
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဝဲဒေါင့်ရပ်ကွက်ရှိ MILLCO ပေါင်းဆန်စက်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆန်စက်တာဝန်ခံမှ ဆန်စက်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများ၊ နည်းပညာမြင့်ဆန်ကြိတ်ခွဲစက်ရုံ လုပ်ငန်းလည်ပတ်မှုအဆင့်ဆင့်နှင့် ပေါင်းဆန် အပါအဝင် ဆန်ဖြူ၊ ဆန်ကွဲကြိတ်ခွဲတင်ပို့မှုအခြေအနေများ၊ စပါးဝယ်ယူမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ဆန်စက်လည်ပတ်မှုအခြေအနေများ၊ ပြည်ပတင်ပို့မှုအခြေအနေများ၊ စပါးကုန်ကြမ်းဝယ်ယူရရှိမှုနှင့် ဈေးကွက်ရရှိမှုအခြေအနေများနှင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး၏ ဂုဏ်ဆောင်စပါးမျိုးဖြစ်သည့် ပုသိမ်ပေါ်ဆန်းမွှေး၏ မူလမွှေးရနံ့နှင့် အရည်အသွေးများ ပြန်လည်ရရှိစေရေးအတွက် သုတေသနပြု စမ်းသပ်စိုက်ပျိုးထားသည့် ပုသိမ်တက္ကသိုလ်၏ စမ်းသပ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စမ်းသပ်စိုက်ခင်းတွင် ပေါ်ဆန်းရင်မျိုးစပါးကိုအသုံးပြုစိုက်ပျိုးထားရှိပြီး မြေအချဉ်ဓာတ်လျှော့ချကာ pH တန်ဖိုး မြင့်တက်စေရန် ဒိုလိုမိုက်ထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ခြင်းတို့ကို ဆောင်ရွက်ထားရှိမှု၊ သဘာဝမြေဩဇာများအသုံးပြု၍ သီးနှံပင်၏သဘာဝအတိုင်း ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိစေရေးကို အလေးထားဆောင်ရွက်ထားရှိမှု၊ ထူးခြားချက်အနေဖြင့် အကျိုးပြုအဏုဇီဝသက်ရှိများနှင့် Nano (နာနို) နည်းပညာတို့ကိုအသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်သည် စမ်းသပ်စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေ၊ သဘာဝမြေဩဇာနှင့် အဏုဇီဝနည်းပညာအသုံးပြုမှု၊ စပါးပန်းပွင့်ချိန်နှင့် ရိတ်သိမ်းမည့်အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သုတေသနလုပ်ငန်းများ အောင်မြင်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
လှမင်းထွဋ်
#Myanmar #News