Myanmar Digital News

အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် မွေးမြူရေးလုပ်ငန်းရှင်များအား တိုက်တွန်းပြောကြား

တောင်ကြီး နိုဝင်ဘာ ၁၅

 

ဒေသတွင်းနေထိုင်သည့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်သည်။

 

ပြည်နယ် ဝန်ကြီးချုပ်သည် မွေးမြူရေး လုပ်ငန်းရှင်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ် အသုံးတော်ကျေးရွာအုပ်စုရှိ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) ရှင်းလင်းဆောင်ခန်းမ၌ တွေ့ဆုံ၍ ထိုသို့တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအောင်မြင်ပါက တိုးချဲ့ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါက ဖွံ့ဖြိုးတိုးတက်သော မွေးမြူရေးဇုန် တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ထားသော အဝီစိတွင်းရေ၊ ရေလှောင်ကန်နှင့် ရှမ်းရိုးမ မွေးမြူရေးဇုန်(၂)တွင် မွေးမြူထားသော ကြက်ခြံတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ယင်းနောက် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ရှမ်းရိုးမမွေးမြူရေးဇုန်(၂) အဝင် လမ်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လမ်းအရှည် (၅)မိုင်ရှိသည့်အနက် (၁)မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ် လုံးတိုင်- ပုံးအယ်- ဂနိုင်ခဲ-ကျောက်တိုင် ကျေးရွာမှ ညောင်ရွှေ မြို့ နယ်စပ်အထိ ချိတ်ဆက်ထားသော ၅/၀ မိုင်အနက် ၀/၄ မိုင် ကတ္တရာထပ်ပိုးလွှာခင်း လုပ်ငန်း ပြီးစီးမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လမ်းပခုံးများကို စနစ်တကျ ဆောင်ရွက်ရန်၊ ကားလမ်းဘေးတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး-မွေတော်ကက္ကူလမ်းအား ၂၄ ပေအကျယ်အထိ ချဲ့ထွင် ဆောင်ရွက်ရန်၊ လက်ရှိလမ်း၏ အချို့နေရာများတွင် အကွေ့အကောက်များကို ဖြေညှိနိုင်သည့် လမ်းဒီဇိုင်းကို ပြန်လည်ရေးဆွဲ ဆောင်ရွက်ရန်နှင့် တံတားအတက် အဆင်းများ ပြန်ညှိရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ် တောင်ကြီး-ဟမ်းဆီး- နောင်ယားဆိုင်းလမ်း ၁၈ ပေမှ ၂၄ ပေ အကျယ် ကတ္တရာလမ်း တိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူရင်းသတင်း — Myanmar Digital News