၁၆.၁၁.၂၀၂၆
Written by Linn Eain
(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီး၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များအား ၂၀၂၆ ခုနှစ်အတွင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်မှု၊ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်မှုဆိုင်ရာ ဆောင်ရွက်ခဲ့မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားများနှင့်အစီအစဉ်များကိုဆက်လက် အားကောင်းခိုင်မာစေရန်နှင့် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးတွင် လက်ရှိပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေနှင့် ဒေသတွင်းစီးပွားရေးမျှော်မှန်းချက်များ၊ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အေအီးစလမ်းပြမြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှု၊ ကဏ္ဍများအကြား ပေါင်းစပ်အကောင်အထည်ဖော်ရမည့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့မှုလုပ်ငန်းအစီအစဉ်များ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး အစီအစဉ်နှင့်အာဆီယံစီးပွားရေး အသိုက်အဝန်း မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်မှုတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီမှ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့်အစီရင်ခံစာအားအတည်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်ရှိ ကဏ္ဍအလိုက်လုပ်ငန်း အဖွဲ့များမှဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား အတည်ပြုခြင်းနှင့်မှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် အခမ်းအနားနှင့်အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲအခမ်းအနားတို့သို့အခြား အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး H.E. Ms. Christina A. Roque က အစည်းအဝေးသဘာပတိ အဖြစ်ဆောင်ရွက်ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။