NP News

ဂျပန်အနုပညာရှင် တာကာရှီ မူရာကာမီက ဦးခေါင်းခွံပုံစံ နာရီအမှတ်တံဆိပ်သစ် စတင်မိတ်ဆက်

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆

ဂျပန်အနုပညာရှင် တာကာရှီ မူရာကာမီ ဟာ ဦးခေါင်းခွံပုံစံ နာရီတွေ ပါဝင်တဲ့ ကိုယ်ပိုင်နာရီအမှတ်တံဆိပ် Takashi Murakami Time Objects ကို ဆွစ်ဇာလန် နာရီထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး စတင်မိတ်ဆက်လိုက်ပါတယ်။

အသက် (၆၄) နှစ်အရွယ် မူရာကာမီဟာ ကိုယ်ပိုင်နာရီတစ်လုံး ဖန်တီးဖို့ နှစ်ပေါင်း (၂၀) ကျော်ကြာ စိတ်ကူး ရှိခဲ့သူဖြစ်ပြီး အခုတော့ တမူထူးခြားတဲ့ Skull Flowers Collection အမည်နဲ့ နာရီငါးမျိုးကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့နာရီတွေမှာ ဦးခေါင်းခွံပုံစံ ကိုယ်ထည်နဲ့အတူ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ ပြုံးနေတဲ့ ပန်းပွင့်ပုံ မျက်လုံးတွေကို ထည့်သွင်းဖန်တီးထားပါတယ်။ နာရီအမျိုးအစားတချို့အတွက် တစ်မျိုးကို (၁၂) လုံးစီသာ ထုတ်လုပ်မှာဖြစ်ပြီး အဖိုးတန်ကျောက်မျက်တွေနဲ့ အလှဆင်ထားပါတယ်။ နာရီတစ်လုံးရဲ့ဈေးနှုန်းဟာ ဆွစ်ဖရန့် ၈၅,၀၀၀ ကနေ ၁၄၈,၀၀၀ အထိရှိပြီး အမေရိကန်ဒေါ်လာ ၁၃၀,၆၀၀ ခန့်အထိ ကျသင့်နိုင်ပါတယ်။

ဦးခေါင်းခွံပုံစံကို ရွေးချယ်ခဲ့တာဟာ အသက်ရှင်ခြင်း၊ သေဆုံးခြင်းနဲ့ အချိန်ရဲ့တန်ဖိုးကို ဖော်ပြချင်တာ ကြောင့်ဖြစ်တယ်လို့ မူရာကာမီက ဆိုပါတယ်။ သူ့ရဲ့ဖခင်ဟာ အယ်လ်ဇိုင်းမားရောဂါခံစားခဲ့ရပြီး အသက် ၈၂ နှစ်မှာ ကွယ်လွန်ခဲ့တာကြောင့် မိမိရဲ့ကျန်းမာရေးနဲ့ အနာဂတ်အကြောင်းကိုလည်း ထည့်သွင်းစဉ်းစားခဲ့မိတယ်လို့ ပြောပါတယ်။ ဒီနာရီတွေကတစ်ဆင့် လူတွေကို အချိန်ရဲ့တန်ဖိုးနဲ့ သေဆုံးခြင်းဆိုတဲ့ အကြောင်းအရာတွေ ပြန်လည်တွေးတောမိစေချင်တာ ဖြစ်တယ်လို့လည်း မူရာကာမီက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News