Myanmar Transparency News

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တစ်ဦးလျှင် ဘတ် ၂,၀၀၀ ဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ခိုးသွင်းလာသည့် ပစ်ကပ်ကားနှင့် ယာဥ်မောင်းကို အဝေးပြေးလမ်းရဲတပ်ဖွဲ့ ဖမ်းဆီး

သက်တံ့
၁၆. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၊ အဝေးပြေးလမ်းရဲတပ်ဖွဲ့သည် မဲဆောက်မြို့မှ ချွန်ဘူရီမြို့သို့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို တင်ဆောင်လာသည့် မှန်အနက်ရောင်ကပ်ထားသော ပစ်ကပ်ကားတစ်စီးကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးလျှင် ဘတ် ၂,၀၀၀ ရရှိကြောင်း ပို့ဆောင်ခရရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု Khaosod သတင်းဌာနက ဖော်ပြသည်။

​ရဲမှူးကြီး ဆူဖာကွန် တန်ကာပရာဆတ် (Pol. Lt. Col. Suphakorn Tangkaprasert) နှင့် အဝေးပြေးကင်းလှည့်ရဲတပ်ဖွဲ့ဝင်များသည် ဒရိုင်ဘာအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးကို ဖမ်းဆီးခဲ့ပြီး ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် မီးခိုးရောင် Toyota Hilux Revo ပစ်ကပ်ကားတစ်စီးကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖမ်းဆီးမှုကို ဖရာနခွန်စီအယုဒ္ဓယခရိုင် (Phra Nakhon Si Ayutthaya)၊ ဘန်ပါဟန်မြို့နယ် (Bang Pahan)၊ ခယိုင်ကျေးရွာအုပ်စု (Khayai) အတွင်းရှိ အာရှအဝေးပြေးလမ်းမကြီး (အဝင်လမ်းကြောင်း) ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

​ဖရာနခွန်စီအယုဒ္ဓယခရိုင်ရှိ အာရှအဝေးပြေးလမ်းမကြီးတစ်လျှောက် ကင်းလှည့်နေစဉ် အယုဒ္ဓယအဝေးပြေးလမ်းရဲတပ်ဖွဲ့ဝင်များသည် မှန်အနက်ရောင် အထူကြီးကပ်ထားပြီး ညာဘက်အစွန်ဆုံးယာဉ်ကြောမှ အရှိန်ပြင်းစွာမောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးကို သတိထားမိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်နောက်သို့ လိုက်လံ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။

​ယာဉ်မောင်းမှာ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးနှင့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးတို့ ခရီးသည်အဖြစ် လိုက်ပါလာကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ခရီးသည်နှစ်ဦးစလုံးသည် နိုင်ငံကူးလက်မှတ် သို့မဟုတ် အစားထိုးခရီးသွားလာခွင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပေ။ ၎င်းတို့သုံးဦးစလုံးကို သိမ်းဆည်းရမိသည့် ပစ်ကပ်ကားနှင့်အတူ ဆက်လက်စစ်ဆေးမေးမြန်းရန် ဘန်ပါဟန်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

​မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးက ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန်အတွက် မြန်မာနိုင်ငံဘက်မှ စက်လှေဖြင့် ဖြတ်ကူးလာပြီး တာ့ခ်ခရိုင် (Tak)၊ မဲဆောက်မြို့နယ်ရှိ တောလမ်းမှတစ်ဆင့် ခြေလျင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် ပွဲစားတစ်ဦးထံ တစ်ဦးလျှင် ဘတ် ၁၇,၀၀၀ မှ ၁၈,၀၀၀ ခန့်အထိ ပေးချေခဲ့ရသည်။

​ရဲတပ်ဖွဲ့က ယာဉ်မောင်းဖြစ်သူကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်စေရန် သိလျက်နှင့် နေရာထိုင်ခင်းပေးမှု၊ ဖုံးကွယ်ပေးမှု သို့မဟုတ် ကူညီပေးမှုတို့ဖြင့် ကနဦး အမှုဖွင့်ထားသည်။ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကိုမူ နိုင်ငံတော်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်။ ပစ်ကပ်ကားကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး ၎င်းတို့သုံးဦးစလုံးကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် ဘန်ပါဟန်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News